Trending Now

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ပြန်လည်စတင်ပြီး တစ်ရက်အကြာမှာ အမေရိကန် ပဲ့ထိန်းဒုံးကျည် ရေငုတ်သင်္ဘော တောင်းကိုရီးယားကို ရောက်ရှိ

Spread the love

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ပြန်လည်စတင်ပြီး တစ်ရက်အကြာမှာ အမေရိကန် ပဲ့ထိန်းဒုံးကျည် ရေငုတ်သင်္ဘော တောင်းကိုရီးယားကို ရောက်ရှိ

EPN
နိုင်ငံတကာ၊ ဇွန် ၁၆

မြောက်ကိုရီးယားက အမေရိကန်-တောင်ကိုရီးယား တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုကို ကန့်ကွက်တဲ့အနေနဲ့ ဒုံးကျည်စမ်းသပ်မှုတွေပြန်လည်စတင်ခဲ့ပြီး တစ်ရက်အကြာမှာ တွန်ဟော့ခ် ဒုံးကျည် ၁၅၀ ခန့်တင်ဆောင်နိုင်တဲ့ အမေရိကန် နျူကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောတစ်စင်း သောကြာနေ့က တောင်ကိုရီးယားကို ရောက်ရှိလာခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံကို USS Michigan ရောက်ရှိလာမှုဟာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ကို တုံ့ပြန်တဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တောင်ကိုရီးယား အရာရှိတွေက ပြောကြားခဲ့ပါတယ်။

USS Michigan ရဲ့ တပ်ဖြန့်မှုနဲ့အတူ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့အတွက် တောင်ကိုရီးယားရေတပ်က ပူတွဲစွမ်းရည်မြှင့်တင်ရေး စစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ရေငုတ်သင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ဘက် ဆိပ်ကမ်းမြို့ ဘူဆန်ကို ရောက်ရှိလာပြီဖြစ်ပေမယ့် တောင်ကိုရီးယား ရေပိုင်နက်မှာ ဘယ်လောက်ကြာကြာနေမလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

USS Michigan ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရေငုတ်သင်္ဘောတွေထဲက တစ်ခုဖြစ်ပြီး အကွာအဝေး ကီလိုမီတာ ၂၅၀၀ (မိုင် ၁၅၅၀ ခန့်) အထိပစ်ခတ်နိုင်တဲ့ တွန်ဟော့ခ် ဒုံးကျည် ၁၅၀ ခန့်ကို တပ်ဆင်နိုင်ပြီး အထူးပစ်မှတ်တွေကို ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ တောင်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တွေဟာ သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တိုးချဲ့လုပ်ဆောင်နေပါတယ်။

မြောက်ကိုရီးယားက အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ကျူးကျော်ရန် အစမ်းလေ့ကျင့်မှုအဖြစ် ရှုမြင်ထားပြီး စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဇွန်လ ၁၅ ရက်နေ့က အရှေ့ဘက် ကမ်းရိုးတန်းအနီးမှာ တာတိုပစ်ဒုံးကျည် နှစ်စင်းကို ပစ်ခတ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။