Trending Now

ရွှေ့ပြောင်းလုပ်သားတွေထံက မြန်မာအစိုးရ ဝင်ငွေခွန်ကောက်မည်

Spread the love

ရွှေ့ပြောင်းလုပ်သားတွေထံက မြန်မာအစိုးရ ဝင်ငွေခွန်ကောက်မည်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၈

 

ပြည်ပနိုင်ငံတေမှာ အလုပ်လုပ်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ ၎င်းတို့ရဲ့ဝင်ငွေ ၂၅% ကို အစိုးရငွေလဲ ဌာန/ ဘဏ်တွေကတစ်ဆင့် မြန်မာနိုင်ငံကို ပြန်ပို့ရမယ်လို့ ညွှန်ကြားခဲ့ပြီး သီတင်းပတ်အတွင်းမှာပဲ ပြည်ပ ရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဝင်ငွေခွန် ၁၀% ပေးဆောင်ဖို့ မြန်မာ နစက အစိုးရက အမိန့် ထုတ်ခဲ့ကြောင်း ဒေသတွင်းသတင်းတွေကိုကိုးကားပြီး ဘန်ကောက်ပို့စ်က ရေးသားဖော်ပြထားပါတယ်။

 

အခုအသစ်ချမှတ်လိုက်တဲ့ဝင်ငွေခွန်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများအပြားအလုပ် လုပ်ကိုင်နေ ကြတဲ့ ထိုင်းနိုင်ငံမှာ ပြင်းထန်တဲ့တုံ့ပြန်မှုတွေ ပေါ်ထွက်ခဲ့ကြောင်း ဧရာဝတီကရေးသားထားပါ တယ်။ နစကအစိုးရရဲ့ အခွန်ဖြတ်တောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး တနင်္ဂနွေနေ့က ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ရုံးအဆောက်အဦအပြင်ဘက်မှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။

 

“မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲမှာ ရေမီးခ၊ အိမ်ငှားခ၊ အလုပ်လုပ်ခွင့်အတွက် ကုန်ကျစရိတ်၊ အသက် အာမခံကြေး စတာတွေကို ပေးချနေရပါတယ်။” လို့ မြန်မာနိုင်ငံကအလုပ်သမားတွေကို ကူညီနေတဲ့ အထောက် အကူပြုမဟာမိတ်ကော်မတီ (Aid Alliance Committee) က ကိုနေလင်းသူက ပြောပါတယ်။

 

“အဲဒါတွေက အခွန်တွေပါ။ လကုန်လို့ အိမ်ကို ငွေတပြားမှပြန်မပို့နိုင်တဲ့ အလုပ်သမားတွေရှိပါတယ်။” လို့ ၎င်း က ပြောပါတယ်။

 

အခုအသစ်ချမှတ်လိုက်တဲ့ဥပဒေဟာ ရွှေ့ပြောင်းလုပ်သားတွေအဖို့ အခွန်နှစ်ထပ်ဆောင်ရတဲ့သဘောသက် ရောက်တယ်လု့ိ ၎င်းက ဧရာဝတီကိုပြောပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ၎င်းတို့ဝင်ငွေ ၂၅% ကို မြန်မာနိုင်ငံရဲ့ဘဏ်စနစ်ကတစ်ဆင့် နိုင်ငံတွင်းကို ပြန်လည်ပို့ဆောင်ဖို့ အခုလအစောပိုင်းက မြန်မာအစိုးရက စည်းမျဉ်းတစ်ခုချမှတ်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံ ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ၃၃၀၀ ကျပ် ရှိပေမဲ့ ပြည်ပနိုင်ငံရောက် မြန်မာတွေပြန်ပို့မယ့် ငွေကြေးကို တစ်ဒေါ်လာကို ၂၁၀၀ ကျပ်နှုန်းနဲ့သာ အစိုးရက သတ်မှတ်လဲလှယ်ပေးမှာဖြစ်ပါတယ်။

 

အလားတူ ပြင်ပဈေးကွက်မှာ ဘတ်ငွေပေါက်ဈေးက တစ်ဘတ်ကို ၁၁၀ ကျပ် ဝန်းကျင်ရှိပေမဲ့ နစကအစိုးရက တစ်ဘတ်ကို ၅၆ ကျပ်နှုန်းနဲ့ သတ်မှတ်လဲလှယ်ပေးမှာဖြစ်ပါတယ်။

 

အခုလို ဝင်ငွေ ၂၅% ပြန်ဝင်လာတဲ့အတွက် နစက အစိုးရအနေနဲ့ ၎င်းတို့ရဲ့ဘဏ္ဍာရေးကဏ္ဍကို ထောက်ပံ့ဖို့အ တွက် ရန်ပုံငွေဈေးသက်သက်သာသာနဲ့ရရှိနိုင်မယ့် ဘဏ္ဍာရေးအင်စတီကျူးရှင်းတွေ ထွက်ပေါ်လာတယ်လို့ ဆို ပါတယ်။

 

၎င်းတို့ဝင်ငွေရဲ့ ၂၅% ကို ပြန်လည်ပို့ဆောင်ခြင်းမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ လက်ရှိအလုပ်လုပ်ခွင့် ပါမစ်ကုန်ဆုံးသွားတဲ့အချိန်မှာ ပြည်ပနိုင်ငံတွေကို ပြန်လည်ထွက်ခွာပြီးအလုပ်လုပ်ခွင့်မရတော့ဘဲ ၃ နှစ် ပိတ် ပင်ခံရမှာဖြစ်ပါတယ်။

 

အရင်စစ်အစိုးရဟောင်းလက်ထက်တုန်းကလည်း မြန်မာရွှေ့ပြောင်းလုပ်သားတွေဆီက ဝင်ငွေခွန်ကောက်ခံခဲ့ ပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ အဲဒီအခွန်ကောက်တဲ့စနစ်ကို ပယ်ဖျက်ခဲ့ပါတယ်။

 

“လက်ရှိအချိန်မှာ အစိုးရက အကျပ်အတည်းတွေ့နေပါတယ်။ ဒါ့ကြောင့် သာမန်ပြည်သူတွေနဲ့ ဆင်းရဲသားတွေ ဆီက ငွေညှစ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။” လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း က ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်ကျော်က ဧရာဝတီကို ပြောပါတယ်။

 

ထိုင်းနိုင်ငံထဲမှာ တရားဝင်အလုပ်သမားရော တရားမဝင်အလုပ်သမားပါ မြန်မာရွှေ့ပြောင်းလုပ်သား ၅ သန်းဝန်း ကျင်လောက်ရှိနေတယ်လု့ိ ခန့်မှန်းထားကြပါတယ်။

 

မြန်မာနိုင်ငံမှာ ၂၀၂၁ တပ်မတော်က အာဏာထိန်းသိမ်းလိုက်ပြီးနောက် နှစ်နှစ်အတွင်း မှတ်ပုံတင်ထားတဲ့ မြန်မာလုပ်သား ၄၀၀,၀၀၀ ဝန်း ကျင် မြန်မာနိုင်ငံကထွက်ခွာလာခဲ့ကြပါတယ်။

 

Ref: Myanmar slaps tax on migrant workers’ earnings


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။