Trending Now

ကချင်ပြည်နယ်အတွင်း ၂၀၂၂/၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ တစ်သောင်းသုံးရာကျော် ရှိ

Spread the love

ကချင်ပြည်နယ်အတွင်း ၂၀၂၂/၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ တစ်သောင်းသုံးရာကျော် ရှိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇

ယခုနှစ် မတ်လအတွင်း ကျင်းပမည့် ၂၀၂၂/၂၃ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကချင်ပြည်နယ် အတွင်းက ကျောင်းသား၊ ကျောင်းသူ တစ်သောင်းသုံးရာကျော် ဖြေဆိုသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် အခြေခံပညာရေးဦးစီးဌာန၏ လက်ရှိပြုစုထားသည့် စာရင်းများအရ သိရသည်။

အခြေခံပညာဦးစီးဌာန၊ ကချင်ပြည်နယ်၊ ပညာရေးမှူရုံးမှ လတ်တလော ပြုစုထားသည့် စာရင်းများအရ ပြည်နယ်အတွင်းရှိ ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ကျောင်းတွင်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၁၀၄၈)ဦးနှင့် ပြင်ပမှ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၈၉၁၁) ဦး နှင့် အတွင်း၊ အပြင်စုစုပေါင်း (၁၀၃၁၉)ဦး အထိ ရှိနေပြီး နောက်တိုး စာရင်းများလည်း ရှိနေကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“အခုလက်ရှိ အချိန်မှာတော့ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသားကျောင်းသူ စာရင်းကတော့ အတည်မပြုနိုင်သေးဘူး အတွင်း အပြင် လက်ရှိ စာရင်းကတော့ (၁၀၃၁၉) ဦး အထိ ရှိနေတယ်။ နောက်ထပ် အတိုးစာရင်းတွေလည်း ရှိနေသေးတယ်”ဟု ၎င်းက ဆိုသည်။

ယခုပညာသင်နှစ်အတွင်း တိုင်းနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း စာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ယခု ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၂၃ ခုနှစ် မတ်လ (၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။