Trending Now

ရုရှားအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ကျင်းပ

Spread the love

ရုရှားအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ကျင်းပ

EPN
နိုင်ငံတကာ၊ ဇွန် ၁၄

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရုရှားက တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေချိန်မှာပဲ ရုရှားအစိုးရက သူရဲ့ ထိန်းချုပ်မှုအောက်ရောက်နေပြီလို့ဆိုတဲ့ ဒေသတွေမှာ ရုရှားအမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ဟာ ၁၉၉၀ ခုနှစ်က ဆိုဗီယက်ယူနီယံနိုင်ငံဟောင်းကနေ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ကြေညာခဲ့တဲ့အထိမ်းအမှတ်ဖြစ်တဲ့ Russia Day အခမ်းအနားမှာ မိန့်ခွန်းပြောခဲ့ပါတယ်။

အဖမြေနဲ့ လူမှုအသိုက်အဝန်း စုစည်းညီညွတ်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာကို ရုရှားပြည်သူတွေ ကောင်းကောင်းသတိပြုမိလာကြပြီး ညီညွတ်မှုဆိုတာဟာ နိုင်ငံအတွက်ပြဌာန်းမှုနဲ့ တာဝန်ခံမှုကို ကိုယ်စားပြုတယ်လို့ ပူတင် က ဆိုပါတယ်။

ရုရှားတွေက သူတို့ထိန်းချုပ်မှုအောက်ကို ရောက်နေပြီလို့ ပြောတဲ့ ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းက မြို့ကြီးတွေမှာလည်း အဲ့ဒီ အခမ်းအနားတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ယူကရိန်း အရှေ့တောင်ပိုင်းဒေသ မှာရှိတဲ့ မလီတိုပိုး မြို့မှာ လူအုပ်စုတစ်စုဟာ ရုရှားနိုင်ငံအလံတွေကို ကိုင်ဆောင်ကာ စုဝေးခဲ့ကြပြီး ရုရှားကို လိုလားတဲ့ တပ်ဖွဲ့တွေ ခိုင်ခိုင်မာမာထိန်းချုပ်ထားတဲ့ Donetsk နဲ့ Luhansk ဒေသတွေမှာလည်း လမ်းတွေတလျှောက်နဲ့ ပြည်သူ့ရင်ပြင်တွေမှာ ရုရှားတို့ရဲ့ အလံတွေကို စိုက်ထူထားကြပါတယ်။

ယူကရိန်းအရှေ့ပိုင်းဒေသဖြစ်တဲ့ မြို့တွေမှာတော့ ရုရှားတွေဟာ ပြင်းထန်တဲ့တိုက်ပွဲတွေကြားမှာပဲ တံတားတစ်ခုကို ဖျက်ဆီးခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်းဒေသကို သိမ်းပိုက်နိုင်ဖို့ မကြာမီအချိန်အတွင်းမှာ ရုရှားက ရှိသမျှအားအင်ကုန်သုံးလိမ့်မယ်လို့ ယူကရိန်း အဏာပိုင်တွေက ဆိုပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။