Trending Now

မြစ်ကြီးနား – ဗန်းမော် လမ်းတစ်လျှောက် သွားလာခြင်း မပြုရန်နှင့် စစ်တပ်ကို အကူအညီ မပေးကြရန် KIO/KIA လိုင်ဇာဌာနချုပ်က ဒေသခံများကို သတိပေးထုတ်ပြန်

Spread the love

မြစ်ကြီးနား – ဗန်းမော် လမ်းတစ်လျှောက် သွားလာခြင်း မပြုရန်နှင့် စစ်တပ်ကို အကူအညီ မပေးကြရန် KIO/KIA လိုင်ဇာဌာနချုပ်က ဒေသခံများကို သတိပေးထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၅

မြစ်ကြီးနား – ဗန်းမော် လမ်းတစ်လျှောက် သွားလာခြင်း မပြုရန်နှင့် စစ်တပ်ကို အကူအညီ မပေးကြရန် KIO/KIA လိုင်ဇာဌာနချုပ်က ဒေသခံများကို ယမန်နေ့ကစပြီး သတိပေးထုတ်ပြန်ထားကြောင်း ဒေသခံများထံက သိရသည်။

ယခုရက်ပိုင်းတွင် မြစ်ကြီးနား – ဗန်းမော် လမ်းပိုင်း နန်ဆိုင်ယန် ကျေးရွာအုပ်စုအတွင်း၌ တပ်မတော် စစ်ကြောင်းနှင့် KIA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရပြီး၊ ဒေသခံများနှင့် ခရီးသွားပြည်သူများအနေဖြင့် ယင်းလမ်းပိုင်းကို သွားလာခြင်းမပြုရန်နှင့် တပ်မတော် စစ်ကြောင်းများကို လူအားဖြင့်ဖြစ်စေ၊ ပစ္စည်းများဖြင့်ဖြစ်စေ ပါဝင်ကူညီပတ်သက်ခြင်း မပြုလုပ်ကြရန် ဟုဆိုကာ သတိပေးစာ ထုတ်ပြန်ထားသည်ဟုလည်း သိရသည်။

ထိုသို့ KIO/KIA လိုင်ဇာဌာနချုပ်က သတိပေး ထုတ်ပြန်ထားခြင်းကြောင့် ဇူလိုင်လ ၄ ရက်နေ့တွင် ဗန်းမော်မှ မြစ်ကြီးနားသို့ လိုင်းကားအချို့ ခရီးစဉ် ရပ်နားထားကြောင်း ခရီးသွား ပြည်သူတစ်ဦးက ပြောပြသည်။

” မနေ့က တိုက်ပွဲတွေ ဖြစ်ကြလို့ ဆိုပြီး လိုင်းကားတွေ မထွက်ကြဘူး။ ဒီလမ်းမှာ တိုက်ပွဲတွေရှိတယ်။ နောက်ထပ် တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်လို့ဆိုပြီး ကားတွေ မထွက်ကြတာပါ။ ဗန်းမော်ကနေ မြစ်ကြီးနားကို သွားမယ်ဆိုရင် ဒီကားလမ်းကိုပဲ အသုံးပြုနေကြရတာ။ ဒီလို အသွားအလာ ပိတ်ပင်ထားတာ ရက်ကြာသွားရင် ခရီးသွားမယ့် သူတွေအတွက် အတော်လေး အခက်အခဲ ဖြစ်လာမယ် ” ဟု ခရီးသွား ပြည်သူတစ်ဦးက ပြောပြသည်။

တပ်မတော်နှင့် ‌KIA လက်နက်ကိုင် တပ်ဖွဲ့တို့ ဇူလိုင်လ ၂ရက်နေ့၊ နံနက် အစောပိုင်းက နန်ဆန်ယန်ကျေးရွာ အုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ယမန်နေ့ကစ၍ မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းအား ပြေးဆွဲခြင်း ရပ်နားထားကြောင်း ကားဆရာတစ်ဦးက ယခုကဲ့သို့ ရှင်းပြသည်။

” တိုက်ပွဲတွေ ပြန်ဖြစ်လာမယ့် အခြေအနေတစ်ခုမှာ ရှိနေတယ်။ မနေ့က မနက်ပိုင်းအချိန်မှာ တိုက်ပွဲ‌တွေ ဖြစ်ပွားခဲ့တယ်။ အဲ့တာကြောင့် အခုကားလမ်းပိုင်းကို ဘယ်သူမှမသွားရဲဘူး။ နှစ်ဖက်စစ်ဆေးမှုတွေ တင်းကြပ်နေတယ်။ ကားတွေလည်း မထွက်ရဲဘူး။ ဒီနေ့လဲ ထွက်ဖြစ်မှာ မဟုတ်သေးဘူး ” ဟု ၎င်းကပြောသည်။

ယမန်နေ့နံနက် အစောပိုင်းက တပ်မတော်နှင့် ‌KIA လက်နက်ကိုင်အဖွဲ့တို့ နန်ဆန်ယန် ကျေးရွာအုပ်စုအတွင်း၌ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် စစ်ရေးတင်းမာနေလျက်ရှိပြီး ခရီးသည်ကားများ သွားလာခြင်း ပိတ်ပင်ထားမှုနှင့် ဒေသခံပြည်သူများ ဘုရားကျောင်းတို့ တွင် တိမ်းရှောင်ထွက်ပြေးလာခြင်းများလည်းရှိကြောင်း သိရသည်။

ဓါတ်ပုံ – KIO/KIA လိုင်ဇာဌာနချုပ် ၏ ထုတ်ပြန်ချက်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။