Trending Now

ဖားကန့်မြို့တွင် အမြင့်ပိုင်းရပ်ကွက်အချို့ ရေပျက်လပ်မှုများဖြစ်ပေါ်နေ

Spread the love

ဖားကန့်မြို့တွင် အမြင့်ပိုင်းရပ်ကွက်အချို့ ရေပျက်လပ်မှုများဖြစ်ပေါ်နေ

 
EPN
မြစ်ကြီးနား၊ ဧပြီလ ၂၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ အမြင့်ပိုင်းရပ်ကွက်များမှာ နွေရာသီကာလ ရေခမ်းခြောက် မှုများကြောင့် ရေပျက်လပ်မှုများဖြင့် ကြုံတွေ့နေရကြောင်း ဖားကန့်မြို့ပေါ်နေ ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့ပေါ်ရှိ မြို့မ ၊ မှော်ဝမ်း၊ မရှိကထောင်နှင့် အေးမြသာယာ ရပ်ကွက်များတွင် ၃ လပိုင်းခန့်မှ စတင်ကာ သောက်သုံးရေပျက်တောက်မှုများဖြင့်ကြုံတွေ့နေရကြောင်း ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်ရှိ ဒေသခံတစ်ဦးကပြောသည်။

” ကျနော်တို့ ဖားကန့်မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်မှာ ၄ ရက်ကွက် လောက်က ရေတွင်းတွေမှာ ရေမရတော့ဘူး၊ ဒီတော့ ကုမ္ပဏီ၂ ခုကနေ ရေပေးဝေရေးလုပ်ငန်းတွေ လုပ်နေရတယ် ၊ ဒါပေမဲ့ မြို့ထဲ ကားကြီးတွေ မဝင်နိုင်တော့ အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်၊ ရေပေးဝေရေးကော်မတီဖွဲ့ပြီး အများသူငါအားလုံး ရေရရှိအောင် ခွဲဝေပေးရတယ်၊ ” ဟု ၎င်းကပြောသည်။

ဖားကန့်မြို့နယ်တွင် နှစ်စဉ်တိုင်းလိုလို နွေရာသီကာလရောက်ရှိပါက ယင်းကဲ့သို့ ရေပျက်လပ်မှုများ ဖြစ်ပေါ်လေ့ရှိသည့်အတွက် စက်ရေတွင်းများ တူးဖော်ဖို့စီစဉ်ဆောင်ရွက်နေကြောင်း ဖားကန့်မြို့ မြို့မ ရပ်ကွက်နေ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

” နှစ်စဉ်တော့ ကြုံတွေနေရတယ် ၊ ရေပျက်တာက ၆ လ ပိုင်းထိပဲ ၊ ၆ လပိုင်းကျော်ရင်တော့ အဆင်ပြေသွားပါတယ်၊ နောက်နှစ်တွေအတွက် ဒီအခက်အခဲကနေ အဆင်ပြေနိုင်အောင် စက်ရေတွင်း တူးဖော်နိုင်ဖို့ဆောင်ရွက်နေတယ်၊ စက်ရေတွင်းရရင်တော့ အဆင်ပြေသွားနိုင်ပါတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိဖားကန့်မြို့ပေါ်ရပ်ကွက်များ ရေရရှိနိုင်ရေးအတွက် ကချင်အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ ၊ (Unity) ကုမ္ပဏီတို့က ပေါင်းပြီး ၁၂ ဘီးယာဉ်များဖြင့် ရေပေးဝေနေရကြောင်းသိရသည်။

လက်ရှိတွင်ဖားကန့်မြို့နယ်ရှိ မြို့မရပ်ကွက်တွင် အိမ်ထောင်စုပေါင်း ၇၀၀ ကျော်၊ မှော်ဝမ်းရပ်ကွက်တွင် အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်၊ ငှက်ပျောတောရပ်ကွက်တွင် အိမ်ထောင်စုပေါင်း ၄၀၀ ကျော်၊ မရှိကထောင်ရပ်ကွက်တွင်း အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်နှင့် အေးမြသာယာ ရပ်ကွက် တွင် အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော် ရှိနေပြီး ၄ ရပ်ကွက် ခန့် ရေပျက်တောက်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။