Trending Now

မြန်မာ့ရိုးရာ ပွဲတော်များအနက်မှ မွန်မြတ်လှသော မြန်မာ့ရိုးရာ ရှင်ပြု မင်္ဂလာအခမ်းအနား

Spread the love

မြန်မာ့ရိုးရာ ပွဲတော်များအနက်မှ မွန်မြတ်လှသော မြန်မာ့ရိုးရာ ရှင်ပြု မင်္ဂလာအခမ်းအနား

EPN
ဆောင်းပါး
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးရှိပြီး၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်း စဉ်လာတွေ ကွဲပြားကြပါတယ်။ အစားအစာ၊ ဝတ်စားဆင်ယဉ်မှု၊ ကိုးကွယ်ယုံကြည်မှု၊ အလုပ်အကိုင်နဲ့ အခြားသော အရာများပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားကြပါတယ်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို တိုင်းရင်းသားတွေရဲ့ဓလေ့ ယဉ်ကျေးမှုတွေက ချစ်စရာ အင်မတန် ကောင်းပါတယ်။ မြန်မာနိုင်ငံဟာ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေနဲ့ ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အခု တင်ပြပေးမှာကတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ရှင်ပြုမင်္ဂလာ အခမ်းအနားလေးပဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ ခရမ်းကျောင်းတိုက်မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အလှူဒါယကာ ဦးညိုထွန်း၊ အလှူဒါယိကာမ ဒေါ်ဖြူသီနဲ့ သမီး မဖြူစင်သွန်းတို့ကနေ ခရမ်းကျောင်းတိုက်ရဲ့ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝါယမ အရှင်သူမြတ်ကို ကံထပ်ခြင်း ဥပသမ္ဓဒ မင်္ဂလာ အခမ်းအနားနဲ့ သားတော် ၂ပါးဖြစ်တဲ့ မောင်ကျော်စစ်ထွန်းနဲ့ မောင်ကျော်မြတ်ထွန်းတို့ကို ရှစ်ပါးပရိက္ခရာ စုံလင်စွာနဲ့ ရှင်သာမဏေအဖြစ် သွတ်သွင်းတဲ့ပွဲမှာ သွားရောက်မှတ်တမ်းတင် ရိုက်ကူးရင်း လေ့လာခွင့်ရခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ သန်း၈၀၀၀ကျော် ရှိတဲ့အနက် ၄၈၇သန်းဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည် ကြသူတွေ ဖြစ်ကြပါတယ်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်မှာ လူမျိုးပေါင်း ၁၃၅ မျိုးရှိပြီး၊ မျိုးနွယ်စုများအလိုက် ကိုယ်ပိုင်စာပေ ယဉ်ကျေးမှုတွေ ရှိကြပြီး၊ မိမိယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပါတယ်။ နိုင်ငံလူဦးရေရဲ့ ၈၉ ရာခိုင်နှုန်းကတော့ ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး ယုံကြည်သက်ဝင်မှု အရှိဆုံး ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားသင်ပြ ဆုံးမတဲ့ တရားဓမ္မကို သာသနာသမိုင်းတစ်လျှောက် ထိန်းသိမ်း စောင့်လျှောက်တော်မူပြီး သာသနာ့ အကျိုးကိုသယ်ပိုး ထမ်းဆောင်နေတဲ့ သံဃာတော်တွေကို အမွန်အမြတ်ထားကာ ကြည်ညို ကိုင်းရှိုင်းကြပါတယ်။ မြန်မာသက်တမ်းဟာ နှစ်ပေါင်း ၂၆၀၀ ကျော် ကြာမြင့်လာပြီဖြစ်ပြီး သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့မှာ ပရိယတ္တိ သာသနာ၊ ပရိပတ္တိ သာသနာ၊ ပရိဝေဒ သာသနာဆိုတဲ့ သာသနာ သုံးရပ်ကို သင်ယူကျင့်ကြံ ကြိုးပမ်းအားထုတ်ရင်း မြတ်စွာဘုရားရဲ့ သာသနာတော် ရှည်ကြာတည်တံ့စေရန် ဘေးရန်အမျိုးမျိုးကို အံတုရင်ဆိုင်ပြီး ထိန်းသိမ်းစောင့်ရှောက်တော် မူခဲ့ကြတာဟာ ကြည်ညိုဖွယ်မဆုံး ဖြစ်ရတဲ့ သံဃဂုဏ်ရည်များပဲ ဖြစ်ပါတယ်။

ရှင်ပြုမင်္ဂလာကို အသက်နှစ်ဆယ်အောက် ယောကျာ်းလေးတွေ ပြုလုပ်ကြပါတယ်။ နိုင်ငံတစ်ဝှမ်းလုံးမှာ ကျင်းပကြပြီး ဗုဒ္ဓဘာသာလမ်းစဉ်ကို လိုက်နာဖို့အတွက် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ အိမ်ရှိ သားယောင်္ကျား လေးတွေကို ဆရာတော်တွေရဲ့ လမ်းညွှန်မှုနဲ့ ကိုရင်ဝတ်ကြရပါတယ်။ ဒီလို ဘာသာရေး သင်ကြားပြသမှုကို သားယောကျာ်းလေးတွေက သံဃာတော်တွေလိုမျိုး သင်္ကန်းကိုဝတ်ဆင်ကာ ဗုဒ္ဓဘာသာ လမ်းစဉ်ကို သင်ကြားကြရခြင်း ဖြစ်ပါတယ်။ လောကမှာ အမြင့်မြတ်ဆုံးသော အလှူဟုယူဆကာ မိသားစုတွေက သူတို့ရဲ့ သားယောကျာ်းလေးတွေကို ဂုဏ်ယူစွာ ဘုန်းကြီးကျောင်းကို စေလွှတ်ကြပါတယ်။ ဘုန်းကြီးကျောင်းကို ရောကတဲ့အခါ သားယောကျာ်းလေးတွေက ကိုရင်ဝတ်ရန် ခွင့်ပြုချက်တောင်းပြီး ခေါင်းမှဆံကိုပယ်ကာ ကိုရင်ဝတ်ကြပါတယ်။ ဒီပွဲတော်ကိုတော့ များသောအားဖြင့် နွေရာသီ ပိတ်ရက်တွေမှာသာ ပြုလုပ်လေ့ ရှိကြပါတယ်။

ရှင်ပြုခြင်းဆိုတာက ထေရဝါဒ ဗုဒ္ဓဘာသာဝင် လူမျိုးတိုင်း ရင်ဝယ်ဖြစ်သော သားယောက်ျားလေးကို အချိန်အခါ အရွယ်ရောက်လာလျှင် သင်္ကန်း ဝတ်ပေးခြင်း ဖြစ်ပါတယ်။ ဘုရားရှင်သည် ဘုရားအဖြစ်ရောက်ရှိပြီး တစ်နှစ်မြောက်သည့်အချိန်တွင် မွေးရာဇာတိ ကပိလဝတ်နေပြည်တော်သို့ ကြွရောက် သီတင်းသုံးတော်မူပါတယ်။ တစ်ရက်မှာ ယသော်ဓရာ မိဖုရားက သားတော်ရာဟုလာကို ဘုရားရှင်ထံ အမွေတောင်းခိုင်းပါတယ်။ သားတော်ရာဟုလာမှ ဘုရားရှင်ထံ အမွေတောင်းတဲ့အခါမှာ ဘုရားရှင်က ” သာရိပုတ္တရာ ရာဟုလာကို ရှင်ပြုပေးလိုက်ပါလို့ စေခိုင်းတော်မူခဲ့ပါတယ်။ ရှင်သာရိပုတ္တရာ ရဟန္တာ အရှင်မြတ်ကြီးမှ မည်သို့ ရှင်ပြုပေးရမလဲဟု မေးလျှောက်တဲ့အခါ ဘုရားရှင်က ရဟန်းအပေါင်းကို စုဝေးစေပြီး “ရဟန်းတို့ သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရား ခွင့်ပြုတော်မူတယ်” ဟု မိန့်တော်မူခဲ့ပါတယ်။

အသက် တစ်ဆယ့်ငါးနှစ် ပြည့်သူကိုသာ ရှင်ပြုပေးဖို့ ဘုရားရှင်မှ မိန့်ဆိုတော်မူခဲ့တယ်လို့ ဝိနည်းမဟာဝါ ပါဠိတော်မှာ ပါရှိပါတယ်။ သို့ပေမယ့်လည်း မိဘတွေ ကွယ်လွန်သွားသောကြောင့် ခိုကိုးရာမဲ့နေတဲ့ ကလေးငယ်နှစ်ဦးကို သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချင်၍ ညီတော်အာနန္ဒာမထေရ်က ဘုရားရှင်ထံသို့ လျှောက်ထားတဲ့အခါ အသက် တစ်ဆယ့်ငါးနှစ် မပြည့်သေးသော်လည်း မိမိရှေ့တွင် ချထားသောဆွမ်းကို ကျီးမလာအောင် ခြောက်လှန့်နိုင်ခဲ့ပါက ဒီသူငယ်ကို ရှင်ပြုပေးနိုင်တယ်လို့ ထပ်ဆင့်သတ်မှတ်တော် မူခဲ့ပါတယ်။

အခု ရှင်ပြုပွဲမှာ ဆိုရင်လည်း ပထမတစ်ရက်မှာ မောင်ရှင်လောင်းတို့ရဲ့ နေအိမ်မှာ မောင်ရှင်လောင်းတွေကို မင်းညီ၊ မင်းသားကဲ့သို့ ပြင်ဆင်ပေးပြီးတော့ ရှင်သာမဏေအဖြစ် သွတ်သွင်းမယ့် ခရမ်းကျောင်းတိုက်ကို ခေါ်ဆောင်လာခဲ့ပါတယ်။ ခရမ်းကျောင်းတိုက်ကို ရောက်တဲ့အခါမှာတော့ ကြိုတင်ပြင်ဆင်ထားတဲ့ အလှူမဏ္ဍပ်အတွင်မှာ မောင်ရှင်လောင်းတွေ ထိုင်ဖို့အတွက် နေရာပြင်ဆင်ပေးထားတာကို တွေ့ရပါတယ်။ မဏ္ဍပ်ဘေးမှာလည်း မောင်ရှင်လောင်း လှည့်တဲ့အခါမှာ အသုံးပြုဖို့အတွက် ဝေါယာဉ် နှစ်စီးကိုလည်း အသင့်ပြင်ဆင် ပေးထားပါတယ်။ ကျွေးမွေးဧည့်ခံရေး မဏ္ဍပ်အတွင်းမှာ ဆိုရင်လည်း ကျောင်းတိုက်မှာရှိတဲ့ ပေါ်ခိန်၊ မယ်ခိန်တွေက လာရောက်ကြတဲ့ ဧည့်သည်တွေ ကျွေးမွေးဖို့အတွက် ပျော်ရွှင်စွာ ချက်ပြုတ်နေကြတဲ့ မြင်ကွင်းကလည်း တကယ်ကို ကြည်နူးစရာ ကောင်းလှပါတယ်။

အဲ့ဒီနောက်မှာတော့ နေ့လည် ၂ နာရီအချိန်မှာ မောင်ရှင်လောင်းတွေကို ဝေါယာဉ်ပေါ်တင်ပြီး လူလေးယောက်ထမ်းပိုးကာ ရွှေထီးဆောင်းမိုးပြီးတော့ ခရမ်းကျောင်းတိုက် အတွင်းမှာရှိတဲ့ စေတီတော်ကို လက်ယာရစ် သုံးပတ်လှည့်လည် ပူဇော်ကြပါတယ်။ လက်ယာရစ် သုံးပတ်လှည့်လည် ပြီးတဲ့အခါမှာတော့ ခရမ်းကျောင်းတိုက် အတွင်းမှာဘဲ မောင်ရှင်လောင်းတွေက ရိုးရာအတိုင်း နတ်ပြကြပါတယ်။ နတ်ပြပြီးတဲ့အခါ မင်းညီ၊ မင်းသားတွေလိုမျိုး နောက်လိုက်နောက်ပါ ခြံရံလျက် ပမ္မတီးရပ်ကွက်အတွင်း ရှင်လောင်းလှည့်ကြပါတယ်။
ရှင်လောင်းလှည့်တဲ့ အခါမှာလည်း ထွက်ကြည့်ကြတဲ့ ရပ်ကွက်နေ ပြည်သူတွေကို လမ်းမတစ်လျှောက် ရွှေမိုး၊ ငွေမိုးတွေကို ပက်ကြဲပေးခဲ့ပါတယ်။ ရပ်ကွက်အတွင်း လှည့်လည်ပြီးလို့ ခရမ်းကျောင်းတိုက်ကို ပြန်ရောက်တဲ့ အခါမှာလည်း ချက်ပြုတ်ရေး တာဝန်ယူပေးနေတဲ့ ပေါ်ခိန်၊ မယ်ခိန်တွေက ရွှေကြိုးတားတဲ့ မြင်ကွင်းကလည်း မြန်မာ့ရိုးရာ ဓလေ့တွေထဲက ချစ်စရာ မြင်ကွင်းလေးတစ်ခုပါပဲ။

ရှင်လောင်းလှည့်လည်ပြီးတဲ့ အချိန်မှာတော့ လာရောက်ကြတဲ့ ဧည့်ပရိတ်သတ်တွေကို ထမင်းနဲ့ ကျွေးမွေးဧည့်ခံပေးခဲ့ ကြပါတယ်။

ဒုတိယနေ့ (အလှူပွဲကြီး) နေ့မှာတော့ နံနက် ၈နာရီခွဲ အချိန်မှာ ခရမ်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝါယမ အရှင်သူမြတ်ကို ကံထပ်ခြင်း ဥပသမ္ဓဒ မင်္ဂလာ အခမ်းအနားအတွက် ပရိက္ခရာ ရှစ်ပါးကို ဆက်ကပ်လှူဒါန်း ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ နံနက် ၉ နာရီခွဲ အချိန်မှာ ခရမ်းကျောင်းတိုက် အတွင်းက သိမ်တော်ကြီးမှာ ကံထပ်ခြင်း ဥပသမ္ဓဒ မင်္ဂလာကို ပြုလုပ်ခဲ့ကြပြီး၊ ၁၀နာရီ အချိန်မှာတော့ ကြွရောက်လာကြတဲ့ အလှူရှင်တွေက သိမ်ဆင်းလောင်းလှူ ပူဇော်ခဲ့ကြပါတယ်။ ဆက်လက်ပြီး ခရမ်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝါယမ အရှင်သူမြတ်နဲ့ ပင့်ဖိတ် သံဃာတော်တွေကို နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်တွေကိုလည်း နံနက် ၉နာရီကစတင်ပြီး နေ့လည် ၁ နာရီအထိ ကျွေးမွေး ဧည့်ခံပေးခဲ့ကြပါတယ်။

အဲ့ဒီနောက် နေ့လည် ၁ နာရီအချိန်တွင် မောင်ရှင်လောင်းတို့ရဲ့ ဆံရိတ်ခြင်း (ဝါ) ဆံချခြင်း ကိုပြုလုပ်ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ဆရာရဟန်းက ( ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ) စသော သရဏဂုံ သုံးပုဒ်ကို ဌာန် ကရိုဏ်းပီသစွာ ရွတ်ဆို၍ ရှင်လောင်းအား သရဏဂုံပေးရပါတယ်။ ရှင်လောင်းကလည်း ဆရာရဟန်း ရွတ်ဆိုတဲ့အတိုင်း လိုက်၍ ဌာန်ကရိုဏ်း ပီသစွာ ရွတ်ဆိုရပါတယ်။ သရဏဂုံယူ၍ ပြီးဆုံးလျှင် ပဗ္ဗဇ္ဇမင်္ဂလာမြောက်၍ ရှင်အဖြစ်ကို ရောက်ပါတယ်။ ( ဆယ်ပါးသီလ ခံယူနေရန်မလို၊ ရှင်သာမဏေဖြစ်သွားလျှင် ဆယ်ပါးသီလကား အလိုလိုရရှိပြီး ဖြစ်သည်။) နောက် ဆရာရဟန်းထံမှာပင် ဖြစ်စေ၊ ရဟန်းတော်ကြီး တစ်ပါးပါးထံမှာဖြစ်စေ ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ ဟု သုံးခေါက်ရွတ်ဆို၍ ဥပဇ္ဈောယ်ယူရပါတယ်။

ရှင်ပြုသောအခါ၌ ဆရာရဟန်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး ရှိခိုးစေ၍ သင်္ကန်းတောင်းရပါတယ်။ ရှင်သာမဏေ အဖြစ်ကို ပြုလုပ်ပေးရန် တောင်းပန်ရပါတယ်။ အဲ့ဒီနောက် သင်္ကန်းဝတ်ပြီး ဩကာသဖြင့် ကန်တော့၍ သီလတောင်းပြီးနောက် ဘုရားကို ရှိခိုးကာ သရဏဂုံကို ယူရပါတယ်။ ရှင်သာမဏေနှင့်ဆိုင်သော ဆယ်ပါးသီလ ခံယူပြီးမှ ကိစ္စပြီးမြောက်တာ ဖြစ်ပါတယ်။

ဒီလို ပဗ္ဗဇ္ဇမင်္ဂလာ ပြုရာ၌ ရှင်လောင်းလှည့်ခြင်း၊ နတ်ပြခြင်း၊ မင်းကိုယ်ချည်ရံခြင်း၊ လည်ပင်းတွင် စွပ်ခြင်း၊ သင်္ကန်းတောင်းခြင်း၊ ရှင်သာမဏေ ပြုလုပ်ပေးရန် တောင်းပန်ခြင်း၊ ကန်တော့ခြင်း၊ သီလခံယူခြင်း စသည်တို့မှာ ရှေးထုံးကို လိုက်နာသောကြောင့် လည်းကောင်း၊ ဝိနည်းဒေသနာကို လေးစားရာ ရောက်သောကြောင့် လည်းကောင်း ကောင်းသောလုပ်ငန်းများ ဖြစ်ကြပါတယ်။ ရှင်သာမဏေ စောင့်ထိန်းရတဲ့ သိက္ခာပုဒ် တွေကတော့ ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ ခန္ဓကလာ ဝတ်ကြီးဝတ်ငယ် တစ်ဆယ့်လေးပါး၊ သေခိယသိက္ခာပုဒ် ခုနှစ်ဆယ့်ငါးပါး စသည်တို့ပဲ ဖြစ်ကြပါတယ်။

မောင်ရှင်လောင်းတွေကို ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းပြီးတဲ့ အခါမှာတော့ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော် အဘိဓဇ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များကို သင်္ဃန်များနဲ့ လှူဖွယ်ဝတ္တု အစုစုတို့ကို ဆက်ကပ်လှူဒါန်း ခဲ့ကြပါတယ်။

ဒါ့အပြင် အလှူရှင်မိသားစုကနေ ခရမ်းကျောင်းတိုက်အတွင်း ဆောက်လုပ်လျက်ရှိသော နှစ်ထပ်ကျောင်းဆောင်သစ်အတွက် အလှူငွေ ကျပ်သိန်းတစ်ရာကိုလည်း ခရမ်းကျောင်းတိုက် ဂေါပကအဖွဲ့ကို ပေးအပ်လှူဒါန်း ခဲ့ကြပါတယ်။ လှူဖွယ်အစုစုတို့အတွက် သံဃာတော်များမှ မေတ္တာသုတ် တရားတော်ကို ချီးမြှင့်ပေးခဲ့ပြီးနောက် ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော် အဘိဓဇ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ဘဒ္ဒန္တကေတုမာလာမှ ရှင်သာမဏေအဖြစ်သွတ်သွင်းခြင်းနှင့် ရဟန်းသံဃာတို့ကို လှူဒါန်းရခြင်းနှင့် ပတ်သက်သည့် တရားတော်တို့ကို ချီးမြှင့်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လှူဖွယ်အစုစုတို့အတွက် ရေစက်ချအမျှဝေကာ အလှူရှင်မိသားစုမှ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပြီးနောက် ရှင်ပြုမင်္ဂလာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

မိမိသားလှ ရတနာနှစ်ပါးကို ရှင်သာမဏေအဖြစ် သွတ်သွင်းပြီးတဲ့နောက်မှာ ဂုဏ်ယူဝမ်းမြောက်နေတဲ့ ပီတိအပြုံးတွေကိုလည်း အတိုင်းသား တွေ့မြင်နေရပါတယ်။ သား၂ ယောက်ကို အခုလိုရှင်သာမဏေအဖြစ် သွတ်သွင်းခဲ့ရတဲ့ မိဘတစ်ဦးရဲ့ ရင်တွင်းခံစားချက်ကိုလည်း အလှူဒါယကာဖြစ်သူ ဦးညိုထွန်းက အခုလို ပြောပြခဲ့ပါတယ်။

“ ရှင်ပြုပွဲလုပ်ဖို့ ရည်ရွယ်ထားတာတော့ ကြာခဲ့ပါပြီ။ အကြောင်းကြောင်းကြောင့် ကိုဗစ် ရောဂါကြီး ဖြစ်လာတဲ့အတွက် အဆင်မပြေခဲ့ဘူး။ ကျွန်တော် ရည်ရွယ်ချက်လည်း နောက်ဆုတ်ခဲ့ရတယ်။ အဲ့ဒီအတွက် ဒီ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလမှာ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုပြီး ရည်ရွယ်ပြီးတော့ ဒီခရမ်းကျောင်းတိုက်ကြီးမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်သား နှစ်ယောက်ကို ဗုဒ္ဓရဲ့အမွေအနှစ်တစ်ခုဖြစ်တဲ့ သာသနာ့ဘောင်ထဲကို သွတ်သွင်းပြီးတော့ ရှင်သာမဏေဘဝကို မိဘတစ်ဦးအနေနဲ့ သွတ်သွင်းရတဲ့အတွက် စိတ်ထဲ ပျော်ရွှင်ကျေနနပ်မှု ရရှိပါတယ်။

ကျန်တဲ့ ရှင်လောင်းတွေ မထည့်သွင်းဖြစ်တာက သူတို့ရဲ့ ကျောင်းပိတ်တဲ့ အချိန်လေးမှာ စလုပ်မယ်ဆိုတဲ့ အခါကျတော့ အခြားကျောင်းသား ကလေးငယ်တွေရဲ့ မိဘတွေကို ဆက်စပ်ပေးဖို့ အချိန်မလုံလောက်တဲ့အတွက် မလုပ်ဖြစ်တာပါ။ စုပေါင်းလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားတာ မရှိတဲ့အတွက် သီးသန့်အနေနဲ့ ဖြစ်သွားတာပါ။ ဒီကျောင်းမှာ လုပ်ဖြစ်တဲ့အခါ ဆရာတော်ကြီးကို ကံထပ်ဖို့ အခွင့်အခါလည်း ကြုံကြိုက်တဲ့ အခါကြတော့ ဆရာတော်ကြီး ဘဒ္ဒန္တဝါယမကို ကျွန်တော်အနေနဲ့ ဆရာအရင်း၊ တပည့်အရင်း အနေနဲ့ လက်ခံပေးနိုင်ဖို့အတွက် ပြန်လည်လျှောက်တင်ပြီးတော့ အခုလို ကံထပ်ပွဲကြီးကို ထပ်ဆင့်တိုးပြီးတော့မှ ပေါင်းပြီးလုပ်လိုက်တာ ဖြစ်ပါတယ်။

အခုလို ရဟန်းဒကာအဖြစ် ခံယူရတဲ့အတွက် ကျွန်တော်စိတ်ထဲမှာ အတိုင်းထက်အလွန် ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိရိုးဖလာ ဗုဒ္ဓဘာသာ ဆိုတာထက်ကို ဗုဒ္ဓဘာသာရဲ့ စစ်မှန်တဲ့ အမွေအနှစ်တွေကို သားမီးတွေကိုလည်း ရရှိစေချင်တယ်။ ရဟန်းသံဃာတွေရဲ့ ကျင့်ဝတ်တွေ၊ ဝတ်နည်းတွေ သူတို့ လိုက်နာရတဲ့ဟာတွေကို သားနှစ်ယောက်ကို ရှင်သာမဏေအဖြစ် သွတ်သွင်းပြီးတော့ သူတို့ကိုလည်း ရဟန်းတွေ ကျင့်ကြံရတဲ့ အရာတွေကို သူတို့ကို လိုက်နာကျင့်ကြံပြီးတော့ သိရှိစေချင်တယ်။ အဲ့ဒီအတွက် အခုလို ရှင်ပြုပွဲကြီးကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ့်ကို ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဝမ်းသာပါတယ်။

ဒီကံထပ် ရှင်ပြုပွဲကြီးမှာ ကျွန်တော်တို့ကို အဘက်ဘက်ကနေ ကူညီပေးကြတဲ့ ပမ္မတီး ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ၊ ခရမ်းကျောင်းတိုက် ပဓာန နာယက ဆရာတော်ဘုရားကြီး အမှူးပြုတဲ့ ဒီကျောင်းတိုက်က ရဟန်းသံဃာတွေက အစစအရာရာ ကူညီပေးကြပါတယ်။ ကူညီပေးတဲ့အတွက် ပဓာန နာယက ဆရာတော်ဘုရားကြီး အမှူးပြုတဲ့ ဒီကျောင်းတိုက်က ရဟန်းသံဃာတွေ၊ ပမ္မတီး ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ၊ ဘုရားဂေါပက အဖွဲ့တွေ၊ ပေါ်ခိန်၊ မယ်ခိန်တွေ၊ အပျိုခေါင်း၊ လူပျိုခေါင်း၊ နောက် ထမင်းချက်၊ ဟင်းချက် အဖွဲ့သားအားလုံးကို လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ ကိုယ်စွမ်းအား၊ လုပ်အားတွေနဲ့သော်လည်းကောင်း၊ နှုတ်အားဖြင့်သော်လည်းကောင်း အားလုံး အဘက်ဘက်ကနေ ကူညီပေးတဲ့အတွက် ကျွန်တော်အနေနဲ့ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ အားလုံးကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်လို့ ဒီနေရာကနေ ပြောကြားချင်ပါတယ် ” ရင်တွင်းပီတိစကားကို အခုလိုပြောကြားခဲ့ပါတယ်။

မြန်မာတို့ရဲ့ ရိုးရာပွဲတော်တွေ များစွာရှိတဲ့အနက် ရှင်သာမဏေအဖြစ် သွတ်သွင်းတဲ့ ရှင်ပြုမင်္ဂလာ ပွဲတော်က အရမ်းကို မွန်မြတ်လှပါတယ်။ ဒီလိုပဲ မြန်မာတိုင်းရင်းသား လူမျိုးတို့ရဲ့ ရိုးရာပွဲတော်တွေဟာလည်း အရမ်းကို ထူးဆန်းစိတ်ဝင်စားစရာကောင်းပြီး မွန်မြတ်လှတဲ့အတွက် အခါအခွင့်သင့်တိုင်း ရိုးရာပွဲတွေကို ရေးသာတင်ပြနိုင်ဖို့ ဆက်လက်ကြိုးစားပြီး ရေးသားဖော်ပြသွားပါအုံးမယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။