Trending Now

ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် NLD ပါတီဝင် လူငယ် ၈ ဦးထောင် ၅ နှစ်စီချခံရ

Spread the love

ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် NLD ပါတီဝင် လူငယ် ၈ ဦးထောင် ၅ နှစ်စီချခံရ

EPN
ပုသိမ်၊ ဒီဇင်ဘာ၂၀

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် NLD ပါတီဝင် လူငယ် ၈ ဦး ဒီဇင်ဘာ ၁၉ ရက်က ထောင်ဒဏ် ၅ နှစ်စီချမှတ်ခံရကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် လူငယ် ၈ ဦးကို ပုသိမ် အကျဉ်းထောင်တွင်းတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-(က) ဖြင့် ထောင်ဒဏ် ၅ နှစ်စီအမိန့် ချခဲ့ခြင်းဖြစ်ကာ ၎င်းတို့ ၈ ဦးသည် ဆန္ဒထုတ်ဖော်မှုများနှင့် ဖောက်ခွဲမှုဖြစ်စဉ်များတွင် ပါဝင်သည်ဟုဆိုကာ အဖမ်းခံခဲ့ ရသူများ ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

”အခု ထောင်ချခံရသူတွေက နိုင်ငံရေး ဖြစ်စဉ်တွေ ဖြစ်ပြီး ဆန္ဒပြတွေမှာပါတယ် ၊ ဖောင်ခွဲတဲ့ ဖြစ်စဉ်တွေမှာ ပါတယ်ဆိုပြီး အဖမ်းခံရသူတွေပါ၊ အားလုံး ၈ ယောက်ပါ ၊ ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချခံရတာ၊ အကြမ်းဖက်ပုဒ်မ ၅၂(က) နဲ့ ထောင် ၅ နှစ်စီ ချလိုက်တာ၊ ပုသိမ်မြို့က ၇ ယောက် နဲ့ ငပုတောက ၁ ယောက်ပါ၊ NLD ပါတီဝင် လူငယ်တွေကြီးပဲ၊ အခု အမိန့်ချခံရသူတွေထဲမှာ တချို့ ဖျားနေတယ်လို့ သိရတယ်။”ဟု ၎င်းက ဆိုသည်။

အဆိုပါ ထောင်ဒဏ်ချမှတ်ခံရသူများသည် ကဗျာဆရာ လူစစ်နိုင် (ခ) တင်ကိုထက် (ခ) ကိုဂေး၊ ကိုရဲလင်းထက် (ခ) သားပု၊ ကိုထွန်းလင်းဦး၊ ကိုချစ်စန်းမောင် ကိုဇော်မင်းထွန်း(ခ)မောင်ဇော်၊ ကိုဇင်လင်းထိုက် (ခ) တွတ်နီ၊ ဦးထွန်းအေးနှင့် ကိုဇော်လှိုင်ဦး(ခ) မင်းမင်းတို့ ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များဖြစ်ပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမ အပတ်အထိ ပုသိမ် အကျဉ်းထောင်တွင်ဖမ်းဆီးခံထားရသည့်နိုင်ငံရေးအကျဉ်းသားဦးရေ ၇၀၀ နီးပါးအထိရှိပြီး အကျဉ်းထောင်တွင် တရားရုံးမှထောင်ဒဏ်ချမှတ်ခံရသည့်နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူဦးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။