Trending Now

နွေရာသီ ကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချလိုသည့် လူငယ်များအတွက် (အခမဲ့) ကွန်ပြူတာ သင်တန်း ဆက်လက်ဖွင့်လှစ်သွားမည်

Spread the love

နွေရာသီ ကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချလိုသည့် လူငယ်များအတွက် (အခမဲ့) ကွန်ပြူတာ သင်တန်း ဆက်လက်ဖွင့်လှစ်သွားမည်

EPN
မြစ်ကြီးနား၊ မတ် ၉

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် အခမဲ့ ကွန်ပြူတာအခြေခံ သင်တန်းကို မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ဧပြီလ ၁၂ ရက်နေ့ထိ ဆက်လက် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ လူငယ်ကျောင်းသူ/ကျောင်းသားများ နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိစွာ အသုံးချစေရန် အတွက်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း လူထုအခြေပြုဗဟိုဌာန (Community Center) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“အဓိကကတော့ မြို့ထဲမှာရှိတဲ့ ကလေးတွေ၊ လူငယ်တွေအတွက်ပေါ့၊ အနယ်ဝေးကလည်း အဆင်ပြေရင် လာတက်လို့ ရပါတယ်၊ ကလေးတွေက ကျောင်းလည်းပိတ်ပြီဆိုတော့ အချိန်ကို အလကားကုန်စေတာထက် အခုလို သင်တန်းတွေကိုတက်ရင် သူတို့အတွက်လည်း အကျိုးရှိလာမှာပေါ့၊ ခေတ်ကာလကိုက ကွန်ပြူတာနဲ့သွား နေရတော့ အခုလိုအခြေခံလေးတွေတက်ထားရင် နောက်သူတို့အတွက်လည်း အခက်ခဲတွေ မရှိတော့ဘူးပေါ့ အသက်ရွယ်နဲ့ လူဦးရေတော့ ကန့်သတ်ထားတယ်”ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ သင်တန်းလာရောက်သင်ကြားရာတွင် တက်ရောက်သင်ကြားမည့်ကလေးမိဘများမှ လူထုအခြေ ပြုဗဟိုဌာန (မြစ်ကြီးနား) အောင်ဆန်းလမ်း၊ ခရေပင်လမ်းထောင့်၊ မြို့မရပ်ကွက် သို့ လာရောက်အပ်နှံနိုင် သကဲ့သို့ ၀၉၂၆၆၅၉၄၉၅၆ သို့လည်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

အဆိုပါ အခမဲ့ ကွန်ပြူတာ သင်တန်းအား အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားရှိ ကွန်ပြူတာ စိတ်ဝင်စားသည့် မည်သူမဆို မတ်လ ၁၃ ရက် မတိုင်မှီ လာရောက် စာရင်းပေးနိုင်ပြီး လူဦးရေ (၂၀)ဦး သာ သင်ကြား ပို့ချသွားမည် ဖြစ်သောကြောင့် အမြန်စာရင်းပေးသွင်းဖို့လိုကြောင်းလည်း သိရသည်။

ယင်းသင်တန်းတွင် Knowledge of Computer System, English & Myanmar Typing, Painting, Microsoft Office Word, Microsoft Office Excel, Microsoft Power Point စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ဖြင့် အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားလူထုအခြေပြုဗဟိုဌာန(Community Center)တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက အသက်အရွယ် ကန့်သတ်ချက်မရှိပဲ ဖွင့်လှစ်ခဲ့သော အခြေခံကွန်ပြူတာသင်တန်းမှာ ယခုလ ၁၂ ရက်နေ့တွင် သင်တန်း ပြီးဆုံးမည်ဖြစ်ကြောင်း သိရပြီး ၁၃ ရက်နေ့တွင် အသက်ရွယ် ကန့်သတ်ချက်ဖြင့် အခြေခံကွန်ပြူတာ သင်တန်းကို ဆက်လက်ဖွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။