Trending Now

မြစ်ကြီးနား-မန္တလေး လမ်းပိုင်း၌ Air Conပါ ရထားတွဲဆိုင်း စတင် ပြေးဆွဲ

Spread the love

မြစ်ကြီးနား-မန္တလေး လမ်းပိုင်း၌ Air Conပါ ရထားတွဲဆိုင်း စတင် ပြေးဆွဲ

EPN
မြစ်ကြီးနား၊ မတ် ၂၁

မြစ်ကြီးနား – မန္တလေးခရီးစဥ်တွင် ပထမဆုံးအကြိမ်ပြေးဆွဲသည့် လေအိတ်ပါ Air Con ပါရထားတွဲဆိုင်း ဖွင့်ပွဲအထိမ်းအမှတ်အခမ်းအနားကို ယနေ့ (မတ် ၂၁) ရက်နေ့က မြစ်ကြီးနားဘူတာကြီး၌ ပြုလုပ်ကျင်းပခဲ့သည်။

အမှတ်(၃၁)အဆန်၊ အမှတ်(၃၂) အစုန်အဖြစ်ပြေးဆွဲမည့် ယင်းရထားတွင် အထက်တန်းတွဲ (၁၀)တွဲ၊ စားသောက်တွဲ တစ်တွဲ၊ ရိုးရိုးတန်း ၃၆ ခုံပါ ဘရိတ်တွဲတစ်တွဲ စုစုပေါင်း ၁၂ တွဲ ပါဝင်ကာ မန္တလေးဘူတာမှ မွန်းလွဲ ၁ နာရီတွင် စတင်ထွက်ခွာလာမည်ဖြစ်ပြီး မြစ်ကြီးနားဘူတာသို့ နောက်တစ်နေ့ နံနက် ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး ယနေ့အတွက်လက်မှတ်များကို မတ် ၁၈ရက်နေ့ကတည်းက ကြိုတင်ရောင်းချခဲ့ကြောင်း မြစ်ကြီးနားဘူတာမှ သိရသည်။

ယင်းရထားသည့် အေးယားကွန်းပါသည့်အတွက် ခရီးသည်များအနေဖြင့် ကုန်ပစ္စည်းတင်ဆောင်ရာတွင် တားမြစ်ချက်ရှိကြောင်းမြစ်ကြီးနားဘူတာ ရုံပိုင်ချုပ် ဦးခင်သော်က ဆိုသည်။

”အဲယားကွန်းပါတဲ့အတွက် ခရီးသည်​တွေအနေဖြင့်ပေါ့ ဥပမာပြောရရင် ကချင်ပြည်နယ်က ဒေသထွက်ကုန်ဖြစ်တဲ့ ဒညှင်းသီးတို့၊ ဆူးပုပ်တို့၊ မန္တလေးဘက်ကတက်လာတဲ့သူဆိုရင်လည်း ငပိငါးခြောက်တို့ ငံပျာရည်တို့ဆိုရင် အေးယားကွန်းပါတဲ့အတွက် တင်လို့မရပါဘူး တတွဲလုံးနှံစော်နေမယ် ဒါတွေကိုလည်းခရီးသည်တွေ သိဖို့လိုတယ်”ဟု ဦးခင်သော်က​ ပြောသည်။

အမှတ်(၃၂)အစုန်တွင် မြစ်ကြီးနားဘူတာမှ မွန်းလွဲ ၁ နာရီခွဲတွင် စတင်ထွက်ခွာကာ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းရှိ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းဘူတာများတွင် ရပ်တန့်ပေးမည် ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။