Trending Now

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ဇနီးကို သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်

Spread the love

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ဇနီးကို သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်

EPN
မြစ်ကြီးနား ၊ သြဂုတ် ၅

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ဇနီးကို သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူများမှာ ဇေယျာဝင်း(၂၀)နှစ်၊ နိုင်အောင်ထွန်း(ခ)ဒဿ(၁၉)နှစ်၊ ရဲဇော်လင်း(ခ) စကိတ်(၂၂)နှစ်၊ တင်ကိုကို(၅၆)နှစ်၊ အောင်ကိုကို(၂၅)နှစ်နှင့် ထွက်ပြေးတိမ်းရှောင်နိုင်ရန်ကူညီပေးခဲ့သည့် ခင်မြ(ခ)ခင်ဌေး(၅၅)နှစ်၊ တင်တင်မော် (၄၅)နှစ်၊ သင်းရနံ့လှိုင်(ခ)ဖြူဖွေး(၁၆)နှစ်တို့ ရှစ်ဦးအား မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာအုပ်စု၊ (၁)ရပ်ကွက်၊ နှင်းဆီလမ်း၌ သြဂုတ် ၃ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ဩဂုတ် ၂ ရက် နံနက် ၈ နာရီခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့သည် ကလေးငယ် နှစ်ဦးအား ကျောင်းပို့ရန် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် အုပ်ချုပ်ရေးမှူး၏နေအိမ်အနီး ကွမ်းယာဆိုင်ရှေ့၌ ဇေယျာဝင်းမှ မော်တော်ယာဉ်ရှေ့သို့ လက်လုပ်မိုင်း တစ်လုံး ပစ်ခတ်ဖောက်ခွဲ၍ ရပ်တန့်စေခဲ့ပြီး နိုင်အောင်ထွန်း(ခ) ဒဿမှ ဒေါ်ဟေမာလွင်အားလည်းကောင်း၊ စိုးမင်းစံမှ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းအားလည်းကောင်း ပစ္စတိုဖြင့် ငါးချက်စီ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားခံ နိုင်အောင်ထွန်း(ခ)ဒဿ၊ ရဲဇော်လင်း(ခ)စကိတ်၊ အောင်ကိုကိုနှင့် ဖမ်းဆီးရန်ကျန်တရားခံ စိုးမင်းစံ၊ ချစ်ဖြိုးဝေ(ခ)ဆံရှည်တို့ ၅ ဦးသည် မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ကျေးရွာနေ NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့်၏ချိတ်ဆက်ပေးမှုဖြင့် KNLA တပ်မဟာ(၆)နယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့ပြင် အောင်ကိုကိုမှ အုပ်ချုပ်ရေးမှူး၏ နေအိမ်အား လက်လုပ်မိုင်း တစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး အဆိုပါလုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်အား ချစ်ဖြိုးဝေ(ခ)ဆံရှည်မှ ဖုန်းဖြင့် မှတ်တမ်းတင်ရိုက်ကူးခဲ့ကာ ၎င်းတို့ ငှားရမ်းနေထိုင်သည့် နေအိမ်သို့ထွက်ပြေး တိမ်းရှောင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ဆိုချက်များအရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စု၊ မြရတနာရပ်ကွက်၊ နှင်းဆီပတ်လမ်း၌ အုပ်ချုပ်ရေးမှူး ဦးနေလင်းနှင့် ရာအိမ်မှူး ဦးရဲသွင်တို့ ၂ ဦးအား ဇေယျာဝင်းနှင့် ဖမ်းဆီးရန်ကျန်ရှိနေသည့် အာကာဝင်း၊ မင်းမင်းဇော်၊ ကိုတူး(ခ)သားကြီးတို့မှ ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ရာ ဦးနေလင်း သေဆုံးခဲ့ပြီး ဦးရဲသွင်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ ဇွန် ၈ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ဂူကြီးကုန်းကျေးရွာရှိ ရွာလယ်လမ်းမပေါ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် ကောင်းမြင့် ဝင်း(ခ)ကိုနီအား ဒလန်ဟုစွပ်စွဲကာ ဇေယျာဝင်းနှင့် ဖမ်းဆီးရန်ကျန်ရှိသည့် အာကာဝင်းတို့မှ ဆိုင်ကယ် တစ်စီး ဖြင့် အနောက်မှလိုက်၍ ပစ္စတိုဖြင့်ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်တိမ်းမှောက်စဉ် ကောင်းမြင့်ဝင်း(ခ)ကိုနီအား ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။