Trending Now

ချီဖွေမြို့ပေါ်နှင့် ကျေးရွာငါးရွာတွင် NDP (Kachin) ပါတီက 84 ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

Spread the love

ချီဖွေမြို့ပေါ်နှင့် ကျေးရွာငါးရွာတွင် NDP (Kachin) ပါတီက 84 ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

 

EPN
ချီဖွေ၊ ဇွန် ၆

ကချင်ပြည်နယ်၊ ချီဖွေမြို့ပေါ်က နေရာပေါင်း(၂၁)နေရာနှင့် ဝိုင်းမော်မြို့နယ်က ကျေးရွာ (၅)ရွာတွင် ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီက ကိုဗစ်နိုင်တင်း ကြိုတင်ကာကွယ်ရေး အတွက် (84-ပိုးသတ်ဆေး) ဖျန်းခြင်း ဇွန်လ ၂ရက်နှင့် ၃ ရက်နေ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ရှိ ကူးစက်ပြန့်ပွားနေသည့် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ခရစ်ယာန် ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဈေးများ၊ ဌာနဆိုင်ရာ ရုံးများတွင် ဖျန်းပေးခဲ့ပြီး ဤသို့သွားရောက် ဆေးဖျန်းပေးရခြင်းနှင့် ပတ်သက်၍ ပါတီအတွင်းရေးမှူး ဦးခေါတိန့်က ယခုကဲ့သို့ ဆိုသည်။

“ကျွန်တော်တို့ ဒီဘက်တောင်ပေါ် တောင်တန်း ဒေသတွေမှာလည်း ကိုဗစ် ၁၉ သတင်းကို ကြားတာနဲ့ စိုးရိမ်ထိတ်လန့် နေကြတယ်။ ဒါကြောင့် ဒီဆေးတွေ လာရောက်ဖျန်းပေးဖို့ပေါ့ ပြည်သူလူထုတွေ ကလည်း တောင်းဆိုလာတယ်။ ဒါကြောင့် ကျွန်တော်တို့ ပါတီကလည်း ဒီကိုဗစ်နိုင်တင်းကာလ မှာ ပူးပေါင်းပါဝင်မှု တစ်ရပ်အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ပါတီအတွင်းရေးမှူး ဦးခေါတိန့်က ပြောသည်။

ဤသို့ဆေးဖျန်းရာတွင် ချီဖွေမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းနှစ်ခု အပါအဝင်၊ စာသင်ကျောင်း နှစ်ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ အစိုးရဌာနဆိုင်ရာရုံး (၅)ရုံးနှင့် မန်ဒေါင်၊ မန်ဝန်း၊ ဆိုင်လော၊ ခဝမ်ကျေးရွာ၊ ဆယ်အိမ်စုကျေးရွာတို့ ပါဝင်ကြောင်း သိရသည်။

ချီဖွေဒေသ အတိုင်းအတာဖြင့် အခြေခံပညာရေး စာသင်ကျောင်းများတွင် ပိုးသတ်ဆေးဖျန်းရန် အခက်အခဲများစွာ ရှိပြီး စာသင်ကျောင်းများ မဖွင့်မှီ ကာလအတွင်း ယခုကဲ့သို့ ကိုဗစ်၁၉ ကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းသည် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ချီဖွေအထက်တန်းကျောင်း ကျောင်းအုပ်ဆရာ ဦးအောင်မိုးက ဆိုသည်။

“အခုကာလက ဒီရောဂါကြောင့် တော်တော်လည်း စိုးရိမ်သောက ရောက်နေတဲ့ကာလ ဖြစ်တယ်လေ။ အခုလိုလာ ဖျန်းပေးတော့ ကျောင်းသူကျောင်းသားများတွက် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်တယ်၊ အတိုင်းမသိ ဝမ်းသာပါတယ်။ ကလေးတွေ ကျန်းမာရေးအထောက်အကူတွေ အများကြီးဖြစ်တာပေါ့။ ကိုယ်ကိုယ်တိုင်ကတော့ ဒီဆေးတွေ မဖြန်းနိုင်ဘူး။”ဟု ဦးအောင်မိုးက ပြောသည်။

ယင်းဒေသဘက်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်အတွက် ယခုကဲ့သို့ ပိုးသတ်ဆေး ဖျန်းခြင်း လုပ်ငန်းမျိုးကို အစိုးရနှင့် အခြားအဖွဲ့အစည်းများအနေဖြင့် လိုက်လံဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ဆေးဖြန်းတာတို့တော့ တခြားအဖွဲ့အစည်းတော့ မရှိသေးဘူး။ အခုဒီဟာ ပထမဦးဆုံးပဲ”ဟု ချီဖွေ KBC တိုက်ပွဲရှောင်စခန်းတာဝန်ခံ ဦးယောန က ပြောသည်။

NDP(Kachin) ပါတီအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်းတွင် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ဝိုင်းမော်မြို့ စသည့် နေရာများတွင် ကိုဗစ်နိုင်တင်းကြိုတင်ကာကွယ်နိုင်ရန် ပိုးသတ်ဆေးဖျန်းပေးခြင်း၊ လက်ဆေးရည်၊ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။