Trending Now

လူငယ်သတင်းပတ် (Youth fair Week) အဖြစ် ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများ မြစ်ကြီးနားတက္ကသိုလ်တွင် စတင်ပြုလုပ်

Spread the love

လူငယ်သတင်းပတ် (Youth fair Week) အဖြစ် ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများ မြစ်ကြီးနားတက္ကသိုလ်တွင် စတင်ပြုလုပ်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၄ (၂၀၂၃)
ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ်တွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ကာ လူငယ်သတင်းပတ် (Youth fair Week) အဖြစ် ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ်မှ တာဝန်ရှိသူများထံက သိရသည်။

ကျောင်းသား၊ ကျောင်းသူများအတွက် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေဖို့၊ ကျောင်းသားလူငယ်များ ဘက်စုံတိုးတက်စေဖို့ အတွက် ရည်ရွယ်ကာ စက်တင်ဘာလ (၄) ရက်နေ့မှ (၈)ရက်နေ့အထိ လူငယ် သီတင်းပတ် (Youth Fair Week) အဖြစ် ဗလငါးတန် လှုပ်ရှားမှုများကိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြစ်ကြီးနား တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“နိုင်ငံရေး ဦးတည်ချက်တွင် ပါဝင်သည့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိက စွမ်းအားစု အဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြင့်တင်ဆောင်ရွက်ရေး ဆိုတဲ့အတိုင်း ကျောင်းသားကျောင်းသူ လူငယ်များ အတွက် အဘက်ဘက်ကနေ ပြည့်စုံအောင် အခုလို ဗလငါးတန် လှုပ်ရှားမှုများကို ဆောင်ရွက်ရခြင်းဖြစ်တယ်၊ ဒီလှုပ်ရှားမှုမှာ တစ်ရက်ကို တစ်မျိုးနဲ့ မြစ်ကြီးနား တက္ကသိုလ် ကျောင်းဝင်းအတွင်းမှာဘဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်၊ ဒီနေ့မှာဆိုလည်း ဉာဏဗလ တိုးတက်စေဖို့၊ စာတမ်း ဖတ်ပွဲကို ဆောင်ရွက်ဖြစ်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ စက်တင်ဘာလ (၄)ရက်နေ့ နံနက် (၉)နာရီအချိန်က ကျောင်းသားကျောင်းသူလူငယ်များအတွက် ဉာဏဗလဖွံ့ဖြိုးတိုးတက်စေရန်အတွက်၊ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက စာတမ်း ဖတ်ပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာတန်းဖတ်ပွဲတွင် ဓာတုဗေဒဌာန၊ မဟာသိပ္ပံ ဒုတိယနှစ်မှ ကျောင်းသူတစ်ဦးက အုန်းခွံမှ ထုတ်ပိုး စက္ကူပြုလုပ်ပုံနှင့် အုန်းခွံတွင် ပါဝင်သည့် ဝိသေသများအကြောင်း( Preparation and characterization of Packaging Paper from Coconut Husk) နှင့် သတ္တဗေဒ အထူးပြု၊ မဟာသိပ္ပံဒုတိယနှစ်မှ ကျောင်းသူတစ်ဦးက မြစ်ကြီးနားမြို့အနီး တစ်ဝိုက် တွေ့ရှိရသည့် ပျားများ၏ အကြောင်းနှင့် ပျားရေထုတ်လုပ်ပုံ (Study on the Life Cycle and Honey Production of European Honey Bee Apis Mellifera Linnaeus, 1758 Myitkyina Environs in Kachin State) ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများကို ယခုကဲ့သို့ လှုပ်ရှားမှုများ ပြုလုပ်ပေးခြင်းအားဖြင့် လူငယ်များအတွက် အတွေ့အကြုံ ကောင်းများရရှိလာနိုင်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအခွင့်အရေးကောင်းများ ရရှိလာနိုင်ကြောင်း မြစ်ကြီးနားတက္ကသိုလ်တွင် ပညာသင်ကြားနေသူ ကျောင်းသားတစ်ဦးက ပြောသည်။

“အခုလို လှုပ်ရှားမှုတွေကနေ လူငယ်တွေဟာ အတွေ့အကြုံကောင်းတွေရလာနိုင်တယ်၊ အရင်ကဆို လူငယ်တွေက အခမ်းအနားဆို ရှောင်ကြတယ်၊ အခုလို လူငယ်တွေအတွက် အခမ်းအနားတွေ ပြုလုပ်ပေးခြင်းအားဖြင့် လူငယ်က အခမ်းအနားတွေမှာ ပါဝင်လာမယ်၊ လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာမှာဖြစ်ပါတယ်၊ အခုဆိုလဲ ဗလငါးတန် လှုပ်ရှားမှုတွေ စတင်နေတာဖြစ်တယ်၊ ဒီလိုလှုပ်ရှားမှုတွေမှ လူငယ်တွေ အများကြီး တက်ကြွပါဝင်နေကြတာ မြင့်တွေ့ရတော့ ဝမ်းသာရပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဗလငါးတန် လှုပ်ရှားမှုများမှာ စက်တင်ဘာလ (၄)ရက်နေ့တွင် ဉာဏဗလ ခေါင်းစဉ်၊ စက်တင်ဘာလ (၅)ရက်နေ့တွင် ကာယဗလ ခေါင်းစဉ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် စာရိတ္တိခေါင်း၊ စက်တင်ဘာလ (၇)ရက်နေ့တွင် မိတ္တဗလနှင့် ဘောဂဗလ ခေါင်းစဉ်များဖြင့် လူငယ်လှုပ်ရှားမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေဖို့ မြစ်ကြီးနား တက္ကသိုလ်တွင် လူငယ်စကားဝိုင်းများ ပြုလုပ်ပေးခဲ့ရှိပြီး၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ပထမအကြိမ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ဒုတိယအကြိမ်၊ ဩဂုတ်လ (၂၃)ရက်နေ့တွင် တတိယအကြိမ်အဖြစ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။