Trending Now

ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံများ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

Spread the love

ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံများ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

EPN
ဆိပ်ဖြူ၊ အောက်တိုဘာ ၁၈ (၂၀၂၃)

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ ဆီထွက်သီးနှံများ လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီး၊ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထား၍ လုပ်ကိုင်လျက်ရှိပြီး၊ စားသုံးဆီ ဖူလုံရေးအတွက် ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံ မိုးနေကြာ၊ မိုးမြေပဲ၊ မိုးနှမ်းတို့ကို ဇူလိုင်နှင့် ဩဂုတ်လအတွင်း စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဆီထွက်သီးနှံ မိုးနေကြာကို ၁၂၁၃ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ၁၆၁၅ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး၊ မိုးမြေပဲကို ၁၁၅၆၇ ဧက စိုက်ပျိုးရန် လျာထားရာ ၁၁၅၉၁ ဧကကို စိုက်ပျိုးနိုင်ကာ မိုးနှမ်းအတွက် ၄၅၆ဧက လျာထားခဲ့ပြီး ၄၆၆ ဧက စိုက်ပျိုးနိုင်ခဲ့သည်။

အဆိုပါ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ဆီထွက်သီးနှံစိုက်ခင်းများသည် ဒေသ၏ မိုးရေချိန် လုံလောက်စွာ ရွာသွန်းမှု၊ ဆီထွက်သီးနှံအထွက်နှုန်းတိုး မျိုးကောင်း၊ မျိုးသန့်များ ရယူစိုက်ပျိုးနိုင်မှု၊ စိုက်ပျိုးရေး နည်းပညာများ တိုးပွားရရှိမှုတို့ကြောင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အချို့တောင်သူများက ဆီထွက်သီးနှံ မိုးနေကြာ၊ မိုးမြေပဲ၊ မိုးနှမ်းများ စတင်ရိတ်သိမ်းနေပြီဖြစ်သကဲ့သို့ အထွက်နှုန်းလည်း ကောင်းမွန်ကြောင်း၊ ကုန်းစိုက်ပျိုး မြေနှင့် ယာစိုက်ပျိုးမြေမှ မိုးဆီထွက်သီးနှံများကို သီတင်းကျွတ်လပြည့်ကျော်နှင့် တန်ဆောင်မုန်းလဆန်းတွင် အပြီးရိတ်သိမ်းကြပြီး၊ ဆောင်းသီးနှံအတွက် တန်ဆောင်မုန်းလအတွင်း မိုးကောင်းသော လယ်မြေများ၊ ကိုင်းစိုက်ပျိုးမြေနှင့် မြေနုကျွန်း၊ ချောင်းမြေများတွင် ဆီထွက် သီးနှံများကို ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကာ ၂၀၂၃ ခုနှစ် ဆောင်းဆီထွက်သီးနှံအတွက် ဆောင်းနေကြာ ၇၅၈၅ ဧက၊ ဆောင်းမြေပဲ ၂၁၈၂ ဧကနှင့် ဆောင်းနှမ်း ၂၅၄၃ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများထံမှ သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။