Trending Now

ရွေးကောက်ပွဲအတွက် ရပ်ရွာအေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်သင့်ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) နာယက သီရိပျံချီ ဦးရွှေမင်း ဆို

Spread the love

ရွေးကောက်ပွဲအတွက် ရပ်ရွာအေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်သင့်ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) နာယက သီရိပျံချီ ဦးရွှေမင်း ဆို

EPN

မြစ်ကြီးနား၊ ဇန်နဝါရီ ၂၃

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ လာမည့် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်‌စွာ ကျင်းပနိုင်ရေးအတွက် ရပ်ရွာ အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၏ နာယက တစ်ဦး ဖြစ်သည့်
သီရိပျံချီ ဦးရွှေမင်းက ပြောကြားလိုက်သည်။

လာမည့် နိုဝင်ဘာလ အတွင်း ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွှေးကောက်ပွဲတွင် ဒူးလေး ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားကြောင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်လည်း ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ဖို့ အရေးကြီးကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) နာယက ဦးရွှေမင်း (ခ) ဆီဖာလာလူး က EPN သတင်းဌာနသို့ ပြောသည်။

“နိုင်ငံတော်ကောင်စီက ၂၀၂၃ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကိုတော့ ကျွန်တာ်တို့ ပါတီကနေ ဝင်ရောက်ဖို့ ဆုံးဖြတ်ထားတယ်။ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရ ပါတီများအနေနဲ့ စည်းရုံးရေး လုပ်ဖို့အတွက် အခက်ခဲတွေ ရှိနေတယ်။ အဲ့တော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေကလည်း အဓိက မူတည်နေတယ်လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းတာဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာနမှဦးစီးပြီး မြေပြင်စာရင်းနှင့် လက်ရှိ လူဦးရေစာရင်း ကိုက်ညီမှု ရှိ၊ မရှိနှင့် အိမ်ထောင်စု၊မှတ်ပုံတင် မရှိသေးသူများအတွက် အသစ်ပြုလုပ်ပေးရန် မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူရာတွင် PDF နှင့် လက်နက်ကိုင် အဖွဲ့များမှ အကြမ်းဖက် လုပ်ရပ်များနှင့်၊ ခြိမ်းခြောက်မှုတို့ကို ရင်ဆိုင်နေရသည့် သတင်းများ လူမှုကွန်ရက်တွင် ပြန့်နှံ့နေကြောင်း သိရသည်။

၂၀၂၃ ရွေးကောက်ပွဲကို နိုင်ငံတော်စီမံ‌ကောင်စီ အနေဖြင့် ဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဆိုပါက လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) အနေဖြင့် စိတ်ချ လုံခြုံသည့် နေရာဒေသတို့တွင်သာ စည်းရုံးရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးရွှေမင်းက ထည့်သွင်း ပြောဆိုသည်။

“ကျွန်တာ်တို့ ပါတီအနေနဲ့ ရတဲ့ အခွင့်ရေးပေါ်မှာ မူတည်ပြီးမှ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဥပမာ ကျွန်တော်တို့ လုံခြုံတဲ့ နေရာ စည်းရုံးရေးလုပ်ဆောင်နိုင်တဲ့ နေရာတွေမှာ စည်းရုံးရေး လုပ်ဆောင်သွားမယ် စည်းရုံးရေးလုပ်ဆောင်ဖို့ ခက်ခဲတဲ့ နေရာဒေသတွေမှာ ကျွန်တော်တို့အတွက်လည်း အဆင်ပြေမှာ မဟုတ်ဘူး အခြေအနေပေါ်ကြည့်ပြီး ရသလို လုပ်ဆောင်သွားမှာဖြစ်တယ် ” ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) နာယက ဦးရွှေမင်းက ရှင်းပြသည်။

မြန်မာနိုင်ငံကြီး အမြန်ဆုံးဘက်စုံဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေဖို့အရေး နိုင်ငံရေးပါတီများ အနေဖြင့် စားပွဲဝိုင်းတွင် ဖြေရှင်း ညိနှိုင်းအကောင်ထည်ဖော် ဆောင်ရွက်ခြင်းသည် သာ အကောင်းဆုံးလမ်းကြောင်း တစ်ခုဖြစ်ကြောင်း ဦးရွှေမင်းက သုံးသပ်ပြောဆိုခဲ့သည်။

လက်ရှိ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)နာယက ဦးရွှေမင်းသည် ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲ၌ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး နေရာကို တစ်သီးပုဂ္ဂလ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိထားသူလည်း ဖြစ်သည်။

(၁၃-၁-၂၀၂၃) ရက်နေ့က မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) နှစ်ပတ်လည်အစည်းအဝေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြောက်ပွဲ၌ ဦးရွှေမင်းသည် ၎င်းတာဝန်ယူထားသည့် ပါတီဥက္ကဌ နေရာအား ဦးလီပေါ်ရဲ့ထံ လွဲပြောင်းပေးခဲ့ပြီး ၎င်းသည် ဒူးလေးပါတီ၏ နာယက တာဝန်သာ ယူထားသည်ဟု သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။