Trending Now

အသက်၁၄ နှစ်သမီးအား ဖျားယောင်းသွေးဆောင် ခိုးယူပေါင်းသင်းသူ ကလေး ၂ ယောက်ဖခင်ကို ဝိုင်းမော်မြို့မရဲတပ်ဖွဲ့စခန်းက ဖမ်းဆီး၊ မိန်းကလေးအား မိဘများထံ အပ်နှံပေး

Spread the love

အသက် ၁၄ နှစ်သမီးအား ဖျားယောင်းသွေးဆောင် ခိုးယူပေါင်းသင်းသူ ကလေး ၂ ယောက်ဖခင်ကို ဝိုင်းမော်မြို့မရဲတပ်ဖွဲ့စခန်းက ဖမ်းဆီး၊ မိန်းကလေးအား မိဘများထံ အပ်နှံပေး

EPN
ဝိုင်းမော်၊ မတ် ၂၅

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်ကားကျေးရွာ၊ တရုတ်ငှက်ပျော စိုက်ခင်းသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဝက်လည်ရွဲ ကျေးရွာ ကလေး၂ ယောက်ဖခင်ဖြစ်သူ နိုင်လင်းက တစ်ရွာတည်းနေ အသက် ၁၄ နှစ်ရှိသူ မိန်းကလေးငယ်အား ဖျားယောင်းသွေးဆောင် ခိုးယူပေါင်းသင်းနေထိုင်စဉ် ဝိုင်းမော်မြို့မရဲတပ်ဖွဲ့စခန်းက ပြစ်မှုကျူး လွန်သူအားဖမ်းဆီးနိုင်ခဲ့ကြောင်း ဝိုင်းမော်မြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဝိုင်းမော်မြို့မရဲတပ်ဖွဲ့စခန်း၊ စခန်းမှူး ဒုရဲမှူး ထွန်းထွန်းနိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ် လှိုင်ကျော်ဦးနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် မတ်၂၃ ရက်နေ့ ည ၉ နာရီကျော်က ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာ ငှက်ပျောစိုက်ခင်း အလုပ်သမားတဲ တန်းလျား၌ မိန်းကလေးအား ခိုးယူပေါင်းနေထိုင်သူ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် စန်းကားကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြရာ ပြစ်မှုကျူးလွန်သူ နိုင်လင်းကို တဲတန်းလျားအခန်းအတွင်း၌ ခိုးယူပေါင်းသင်းခံရသူ မိန်းကလေးနှင့်အတူ တွေ့ရှိခဲ့၍ နိုင်လင်းကို ဖမ်းဆီးနိုင်ခဲ့ကြသည်။

ဝိုင်းမော်မြို့မရဲစခန်းက ဝက်လက်မြို့ ရဲတပ်ဖွဲ့စခန်းထံသို့ ဆက်သွယ် ချိတ်ဆက်ခဲ့ရာ ဝက်လက်မြို့မရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ခင်မောင်ဝင်းနှင့်အဖွဲ့သည် မတ်၂၅ ရက်နေ့နံနက်ပိုင်းတွင် ဝိုင်းမော်မြို့မရဲစခန်းသို့ ရောက်ရှိခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်သူ နိုင်လင်း (၄၅)နှစ်၊ (ဘ) ဦးချက်ကြီး၊ (ကလေး ၂ ယောက်ဖခင်) ဝက်လည်ရွဲ ကျေးရွာ၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ (ဇာတိ-ကြည်ပြာရွာ၊ ဝက်လက်မြို့နယ်)နေထိုင်သူကို လွှဲပြောင်းအပ်နှံခဲ့သည်။ အသက် ၁၄ နှစ်မိန်းကလေးကိုလည်း ၎င်း၏ မိဘထံအပ်နှံပေးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင်အိမ်နီးနားချင်းဖြစ်သူ နိုင်လင်းက မိဘအုပ်ထိန်းမှုအောက်ရှိ အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား ဖျားယောင်းသွေးဆောင်ခိုးယူပေါင်းသင်းခဲ့၍ မိခင်ဖြစ်သူက တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ဝက်လက်မြို့မရဲတပ်ဖွဲ့ စခန်းက (ပ) ၇၅/၂၀၂၀ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ -၃၆၃/၃၆၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။