Trending Now

မြစ်ကြီးနား-တနိုင်း လမ်းပိုင်းအချို့ပျက်စီးမှုကြောင့် ခရီးသည်များ အချိန် ကြန့်ကြာမှုကြုံတွေ့နေရပြီး ဒေသခံများ သွားလာရန် ခက်ခဲနေ

Spread the love

မြစ်ကြီးနား-တနိုင်း လမ်းပိုင်းအချို့ပျက်စီးမှုကြောင့် ခရီးသည်များ အချိန် ကြန့်ကြာမှုကြုံတွေ့နေရပြီး ဒေသခံများ သွားလာရန် ခက်ခဲနေ

EPN
မြစ်ကြီးနား၊ဩဂုတ် ၂၉

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းလမ်းပိုင်းရှိ နောင်းမီကျေးရွာအနီးတွင် လမ်းပျက်ဆီးမှု ဖြစ်ပေါ်နေသည့် အတွက် ခရီးသည်များသွားလာနိုင်ရန် အချိန်ကြန့်ကြာမှုများကြုံ‌နေရပြီး ဒေသခံများ လည်း လယ်တောသို့ သွားလာရန် အခက်ခဲများကြုံနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်လုံးမိုးရွာသွန်းမှုကြောင့် နောင်းမီကျေးရွာနှင့် ယုဇနကုမ္ပဏီကြားတွင် လမ်းများ ပျက်ဆီးခဲ့ရခြင်းဖြစ်သည့်အတွက် ယုဇနကုမ္ပဏီအနီးလယ်ယာလုပ်ကိုင်သူများ သွားလာရန်ခက်ခဲနေကြောင်း နောင်းမီကျေးရွာရှိ ဒေသခံတစ်ဦးကပြောသည်။

“အခုတလောက မိုးတွေပဲရွာနေတော့ လမ်းတွေကပျက်စီးကုန်ပြီ မြစ်ကြီးနားဘက်ကလာရင် နောင်းမီရွာအထွက်ပေါ့ ယုဇနကုမ္ပဏီကြားမှာ ဆိုးနေတယ်၊ ဒီရွာကလည်း အဲ့ဘက်မှာ လယ်လုပ်ကြတယ်လေ၊ အဲ့လယ်တောထဲတောင်သွားရမှာတောင်မလွယ်တော့ဘူး၊ ဓာတ်ဆီကလည်းဈေးကြီးပေးပြီး လယ်တောသွားနေရတဲ့ကြား၊အဲ့လိုလမ်းဆိုးတော့ ခရီးမတွင်ပဲဆီကုန်တာပဲ အဖက်တင်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ပျက်ဆီးနေသည့် လမ်းပိုင်းများမှာ ဆယ်မိုင်ဝန်းကျင်ရှိသည့်အတွက် နေ့ချင်းမရောက်နိုင်ပဲ လမ်းတစ်ဝက်တွင်သာ အိပ်ရသည့်ရက်များရှိကြောင်း မြစ်ကြီးနား-တနိုင်းယာဉ်လိုင်းပြေးဆွဲသည့် ကားသမားတစ်ဦးက ပြောဆိုသည်။

“မိုးတွေရွာတော့လမ်းတွေကချိုင့်တွေဖြစ်ကုန်တယ်၊ပြီးတော့ကားတွေကလည်း ဆက်တိုက်သွားနေရတော့ ပိုပြီးဆိုးလာတာပေါ့ မိုးရေတွေနဲ့နွံတွေရောပြီး ကားဘီးတွေက မရုန်းနိုင်တော့ဘူး၊ တစ်နေရာထဲဆို တော်သေးတယ် အခုဟာက တလမ်းလုံးနီးပါးကိုဖြစ်တာ၊အရမ်းဆိုးတာက နောင်းမီရွာနှင့် ယုဇနကုမ္ပဏီကြားမှာရယ် ၊ပြီးတော့ ဒင်ကောာက်နားရယ်ဆိုးတယ် ၊တခါတလေဆို ကားကြီးတွေနဲ့ ကျွန်တော်တို့ကားလေးတွေကို ဆွဲပေးရတဲ့အခြေနေထိရှိတယ်၊ခုရက်ပိုင်းဆို နေ့ချင်းပေါက် မရောက်နိုင်တဲ့ ရက်တွေလည်းရှိတယ် လမ်းတစ်ဝက်မှာ အိပ်ရတာလမ်းကဆိုးတော့၊ ခါတိုင်းလမ်းကောင်းတဲ့ချိန်ဆို ၉ နာရီလောက်ပဲ မောင်းရတာ၊အခုတော့ နေ့ချင်းရောက်တဲ့နေ့တွေဆိုလည်း ၁၁နာရီလောက်ကို မောင်းမှရောက်တာ”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့ကလည်း နောင်းမီနှင့် ဝါရာဇွပ်ကြားတွင် မိုးရွာသွန်းမှုကြောင့် လမ်းများပျက်ဆီးခဲ့သော်လည်း လက်ရှိအချိန်အထိ ပြင်ဆင်နိုင်ခြင်းမရှိသေးကြောင်း တနိုင်း-မြစ်ကြီးနားပြေးဆွဲနေသည့် ကားသမားများထံမှ သိရသည်။

နောင်းမီကျေးရွာ၊ဒင်‌ကောက်ကျေးရွာနှင့်ရှဒူးဇွတ်‌ကျေးရွာကြားရှိ လမ်းတံတားများမှာ ပြီးခဲ့သည့်နှစ်မှ ပြုပြင်ပြီးစီးခဲ့သော်လည်း လမ်းအချို့နေရာများမှာ ကျောက်ခင်းလမ်းမဟုတ်ပဲ မြေသားပြုပြင်ထားသည့် လမ်းပိုင်းများဖြစ်သည့်အတွက် မိုးရွာလျှင် တဖန်ပျက်စီးနေရခြင်းဖြစ်ကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။