Trending Now

ထာဝရငြိမ်းချမ်းရေး စွမ်းဆောင်ရှင် ကချင်အထူး ဒေသ (၁) ဥက္ကဋ္ဌကြီး သီရိပျံချီ ဦးဇခုန်တိန့်ယိန်း

Spread the love

ထာဝရငြိမ်းချမ်းရေး စွမ်းဆောင်ရှင် ကချင်အထူး ဒေသ (၁) ဥက္ကဋ္ဌကြီး သီရိပျံချီ ဦးဇခုန်တိန့်ယိန်း

EPN
ဆောင်းပါး၊ နိုဝင်ဘာ ၂၆

ကချင်ပြည်နယ်အထူးဒေသ (၁) ငြိမ်းချမ်းရေးကို ဘဝတစ်လျှောက်လုံး တစ်စိုက်မတ်မတ် ကြိုးပမ်းခဲ့သူ၊ အချိန်နှင့်အမျှ ဒေသငြိမ်းချမ်းရေးအတွက်ကို ဦးစားပေးခဲ့သူ၊ ဘာသာစကားတူ မျိုးနွယ်စုများအကြား စည်းလုံးရေးကို ဆောင်ရွက်ပေးနိုင်ခဲ့သူ ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးဇခုန်တိန့်ယိန်း အတွက် နိုင်ငံတော်က ချီးမြှင့်သော ဂုဏ်ထူးဆောင်ဘွဲ့များ ဖြစ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ နှင့် သီရိပျံချီဘွဲ့တို့ကို ထိုက်တန်စွာ ရရှိခဲ့ပြီဖြစ်ပါသည်။

ကချင်ပြည်နယ် အထူးဒေသ (၁) ဆိုသည်နှင့် ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌဖြစ်သည့် ဦးဇခုန်တိန့်ယိန်းကို ကချင်ပြည်နယ် အထူးဒေသ (၁) အတွင်း နေထိုင်သူအားလုံး မသိသူမရှိ ဟု ဆိုရမည်ဖြစ်သည်။ ကချင် ပြည်နယ် အထူးဒေသ (၁) ကို တည်ထောင်ခဲ့သူ ဖြစ်သည့်အလျောက် စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး စသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို နေ့မအား ညမနား စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သလို ဘာသာစကားတူ မျိုးနွယ်စုများအကြား စည်းလုံးရေးကို ဖော်ဆောင်နိုင်ခဲ့သူလည်း ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီး (၇၅)နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မှ ဂုဏ်ထူးဆောင်ဘွဲများ ပေးအပ်ချီးမြှင့်ရာ တွင် အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းကို ဝဏ္ဏကျော်ထင်ဘွဲ့အား ယခုနှစ် ဧပြီလ ၁၇ ရက်နေ့က ချီးမြှင့်ခြင်းခံခဲ့ရသည်။

ထို့အပြင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာ စာအမှတ် ၂၁၅/၂၀၂၂ နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ်ပြန်ချက်အရ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ကြသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မှ ဂုဏ်ထူးဆောင်ဘွဲများ ပေးအပ်ချီးမြှင့်ရာ ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား သီရိပျံချီဘွဲ့ကို ထပ်မံ ချီးမြင့်ခြင်းဖြစ်သည့်အတွက် တစ်နှစ်အတွင်း ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့နှင့် သီရိပျံချီဘွဲ့တို့ကို ဂုဏ်ယူဝင့်ကြွားစွာ ရရှိခဲ့ပြီ ဖြစ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်ခဲ့သည်။ ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။

သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်ခြင်းဖြစ်ပြီး၊ ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့့်ခြင်းဖြစ်သည်။

အလင်္ကာကျော်စွာ ဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။သိပ္ပကျော်စွာ ဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။ ဇေယျကျော်ထင် ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်ခြင်းဖြစ်ပါသည်။

ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးဇခုန်တိန့်ယိန်း၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါကလည်း ဥက္ကဋ္ဌကြီးသည် နယ်ခြားစောင့်တပ်ဖွဲ့ တစ်ခုဖြစ်သည့် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ ဝိုင်းမော်၊ချီဖွေနှင့် ဆော့လော် မြို့နယ်များပါဝင်သည့် ကချင်ပြည်နယ် အထူးဒေသ (၁) ၏ ဥက္ကဌလည်းဖြစ်သည်။ ဒီမိုကရေစီပါတီသစ် (ကချင်) N.D.P ကို ၂၀၁၉ ခုနှစ်တွင် ထူထောင်ခဲ့ပြီး နာယက အဖြစ်တာဝန်ယူနေသူလည်း ဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်ရှိ ကချင်ပြည်နယ် အထူးဒေသ (၁)သည် လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါး၊လီဆူ၊ ရဝမ် စသည့်မျိုးနွယ်စုများ အခြေချနေထိုင်သည့် ဒေသတစ်ခုလည်း ဖြစ်ပေသည်။

ဦးဇခုန်တိန့်ယိန်းသည် ကချင်မျိုးနွယ်စု တစ်ခုဖြစ်သည့် လာချိဒ်တိုင်းရင်းသား ခေါင်းဆောင်ဖြစ်ခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၌လည်း ၁၉၆၃ ခုနှစ် အောက်တိုဘာလမှ ၁၉၆၇ ခုနှစ်အထိ တပ်မှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ တပ်မတော်အစိုးရ၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့်ပါ တိုက်ပွဲဆင်နွှဲခဲ့ဖူးသူဖြစ်သည်။ KIA လက်နက်ကိုင်အဖွဲ့အတွင်း ငွေ၊လက်နက်၊လူအင်အား စုဆောင်းပေးခဲ့သည့်အပြင် ကျရာတာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်သည်။ KIA အဖွဲ့၏ သီးခြားဝမ်ပေါင် တည်ထောင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းလာမှုများကြောင့် တိုင်းရင်းသားညီအစ်ကိုများ သတ်ဖြတ်ကြသည်အထိဖြစ်လာခဲ့သည်။

ထိုကဲ့သို့ တိုင်းရင်းသားညီအစ်ကိုများကို အကြောင်းမဲ့သတ်ဖြတ်နေခြင်း၊တရားမျှတမှုမရှိ ပြုလုပ်လာသည့်အတွက် KIA အဖွဲ့မှ ဦးဇခုန်တိန့်ယိန်းဦးဆောင်သော အဖွဲ့သည် ခွဲထွက်လာခဲ့ခြင်းဖြစ်သည်။

၁၉၆၈ ခုနှစ်တွင် KIA အဖွဲ့မှခွဲထွက်ပြီး ကချင်ကွန်မြူနစ်ပါတီ ထူထောင်ရန် တရုတ်နိုင်ငံ ဂိုခုံးဒေသသို့ ၎င်း၏ တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ခဲ့သည်။ တရုတ်အစိုးရက ဗမာကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပူးပေါင်းရန်တိုက်တွန်းခဲ့သည့်အတွက် ဗကပ တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုအချိန်မှစ၍ ဦးဇခုန်တိန့်ယိန်းသည် တရုတ်-မြန်မာနယ်စပ်ရှိ ကံပိုင်တည်၊ ပန်ဝါဒေသကို ဗကပ ၁၀၁ စစ်ဒေသအဖြစ် ခြေကုပ်ယူကာ မြန်မာ့တပ်မတော် အစိုးရကို တော်လှန်တိုက်ခိုက်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ဗကပ ပြိုကွဲပြီးနောက် ၁၉၉၀ပြည့်နှစ်၌ တပ်မတော်အစိုးရနှင့်ငြိမ်းချမ်းရေးယူကာ ဗကပ ၁၀၁ စစ်ဒေသကို ကချင်ပြည်နယ် အထူးဒေသ (၁) အဖြစ်သတ်မှတ်ကြေညာခဲ့သည်။ ထို့နောက် ဦးဇခုန်တိန့်ယိန်းသည် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) အမည်ဖြင့် အထူးဒေသ (၁) တွင်လှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့ကို ထူထောင်ခဲ့သည်။ တပ်မတော်အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရေးအစီအစဥ်ကို ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ရက်နေ့တွင် စတင်ဖော်ဆောင်ခဲ့ပြီး (NDA-K) ကို နယ်ခြားစောင့်တပ်ရင်း (၃)ခု အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ထိုမျှမကသေး ဦးဇခုန်တိန့်ယိန်းသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ်များပါဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့သူဖြစ်ပြီး ၎င်းဦးဆောင်သည့် N.D.P ပါတီသည်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူလည်း ဖြစ်ပါသည်။

ဦးဇခုန်တိန့်ယိန်း ဖြတ်သန်းခဲ့ရသည့် ကာလတစ်လျှောက်ကို ကြည့်ပါကလည်း ကချင်ပြည်နယ် အထူးဒေသ (၁) ကို အောင်မြင်စွာ ထူထောင်နိုင်ရန် အသက်၊ သွေး၊ ချွေးတို့ကို ပေးဆပ်ကာ ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် နည်းမျိုးစုံ ကြိုးစားခဲ့သည်ကို တွေ့မြင်နိုင်ပေသည်။ ယခု အသက်အရွယ် ကြီးမြင့်လာသော်လည်း အနားမယူအား။ အချိန်ရှိတိုင်း ဒေသ ဖွံ့ဖြိုးရေးအတွက် ကြိုးစားပုံဖော်နေသူ တစ်ဦးလည်းဖြစ်ပေသည်။ ဥက္ကဌကြီးသည် ဒေသဖွံ့ဖြိုးရေးသာမက တိုင်းရင်းသားလူမျိုး တို့၏ ရိုးရာနှင့် စာပေအပေါ်ကို ချစ်မြတ်နိုးမှုကို လည်းတွေ့မြင်နိုင်ပါသည်။

ယခုကဲ့သို့ တိုင်းရင်သားလူမျိုးများအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ယခုထက်ပိုမို ဆထက်တန်ဖိုး ဆောင်ရွက် နိုင်ပါစေကြောင်း၊ ကျန်းမာပျော်ရွှင်စွာဖြင့် မိသားစုနှင့်အတူ အသက်ရာကျော် ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းဆုပြုရင်း ယခုကဲ့သို့ တစ်နှစ်အတွင်း ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့နှင့် သီရိပျံချီဘွဲ့ ရရှိခဲ့သည့် ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေး ဥက္ကဋ္ဌကြီး ဦးဇခုန်တိန့်ယိန်းအား ယခုဆောင်းပါးဖြင့် ရေးသားဂုဏ်ပြု ကြိုဆိုလိုက်ရပါသည်။

ကောင်းဇေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။