Trending Now

အဝေးပြေးယာဉ်လိုင်း (၁၁)လိုင်းအထိ ပြေးဆွဲနေပြီဖြစ်သော်လည်း ခရီးသည်နည်းပါးနေဆဲ

Spread the love

အဝေးပြေးယာဉ်လိုင်း (၁၁)လိုင်းအထိ ပြေးဆွဲနေပြီဖြစ်သော်လည်း ခရီးသည်နည်းပါးနေဆဲ

EPN
မြစ်ကြီနား၊ မေ ၂၁

ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် မြစ်ကြီးနားမြို့ မြစ်ဖျားဧရာ ကားဝင်းအတွင်းက မော်တော်ယာဉ်လိုင်းများကို ဧပြီလ (၁)နေ့က ရပ်ဆိုင်းခဲ့ပြီး ယခုမေလ ၃ ရက်နေ့က ပြန်လည်ပြေးဆွဲ ခွင့်ပြုခဲ့ရာ လက်ရှိတွင် အဝေးပြေးယာဉ်လိုင်း (၁၁)လိုင်းအထိ ပြေးဆွဲနေပြီ ဖြစ်သော်လည်း ခရီးသည် နည်းပါးဆဲဖြစ်နေကြောင်း မြစ်ကြီးနားခရိုင် ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ သိရသည်။

လက်ရှိ ပြန်လည်စတင်ပြေးဆွဲနေသည့် ယာဉ်လိုင်းများမှာ High Class၊ ငွေနှင်းမန္တလာ၊ တက်နေလင်း၊ မျိုးဆက်သစ်၊ ရွှေမြစ်ဆုံ၊ စွမ်း၊ မနောတံခွန်၊ ရွှေကချင်၊ မိုးကောင်းကင်၊ ဂျိန်းဖော့ရွှေမြေ၊ မြတ်မန္တလာထွန်း စသည့် မော်တော်ယာဉ်လိုင်းများ ဖြစ်ပြီး ယင်းပြေးဆွဲနေသည့် ယာဉ်လှိုင်းများတွင် မြစ်ကြီးနား-ရန်ကုန် (၉)လိုင်း၊ မြစ်ကြီးနား-မုံရွာ (၂) လိုင်း စုစုပေါင်း (၁၁)လိုင်းအထိ ပြေးဆွဲနေပြီ ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ပုဂ္ဂလိက မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က ပြောပြသည်။

”ဒီလိုပြေးဆွဲတဲ့ အခါမှာလည်း ပြည်နယ်အစိုးရရဲ့ညွန်ကြားချက်အတိုင်းပဲ ပြေးဆွဲနေပါတယ်။ ခရီးသည်တွေ ကိုလည်း တစ်ခုံခြားစနစ်နဲ့ တင်ပြီးပြေးဆွဲနေပါတယ်။ များသောအားဖြင့်တော့ ခရီးသည်တွေနည်းတယ်။ ကုန်နဲ့ပဲ သွားတယ်”ဟု ဦးမျိုးမြင့်အောင်က ဆိုသည်။

ကချင်ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ ခရီးသည်တင်ဆောင်သည့် အရေအတွက်ကို လျော့ချတင်ဆောင်ကာ ပြေးဆွဲနေရသော်လည်း လက်မှတ်နှုန်းထားများမှာ ပုံမှန်အတိုင်းသာ သတ်မှတ်ရောင်းချပေးလျှက်ရှိကြောင်း ယင်းကော်မတီမှ သိရသည်။

”ကျွန်တော်တို့က ခရီးသည်တွေကို အဝင်လက်မခံဘူး။ ဒီကနေ အထွက်ကိုပဲ လက်ခံတယ်” ဟု အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က ထည့်သွင်း ပြောဆိုခဲ့သည်။

မြစ်ဖျားဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ မြစ်ကြီးနား-မုံရွာ-ရန်ကုန်-နေပြည်တော်သို့ Express ကားကြီးများဖြင့် ပြေးဆွဲနေသည့် မော်တော်ယာဉ်အသင်း စုစုပေါင်း (၂၂) လိုင်းရှိပြီး လက်ရှိတွင် ယာဉ်လိုင်း (၁၁)လိုင်းအထိ ပြေးဆွဲလျှက်ရှိသည်။

မြစ်ကြီးနားခရိုင် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီသို့ မှတ်ပုံတင်ထားသည့် Express ကားကြီးများအပါအ၀င် အခြားမော်တော်ယာဉ်အသင်း စုစုပေါင်း ၉၆ အသင်း အထိရှိသော်လည်း လက်ရှိ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းမှာ ၃၂ အသင်းသာ ရှိကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။