Trending Now

ကောင်းသောရှမာရိ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းရှိ ကျောင်းသားများအတွက် အိပ်ဆောင်သစ်ဆောက်လုပ်ရန် လိုအပ်နေ

Spread the love

ကောင်းသောရှမာရိ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းရှိ ကျောင်းသားများအတွက် အိပ်ဆောင်သစ်ဆောက်လုပ်ရန် လိုအပ်နေ

EPN
မြစ်ကြီးနား ၊ နိုဝင်ဘာလ ၁၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရာဒါကောင်း(A) ရပ်ကွက် အတွင်းရှိ ကောင်းသောရှမာရိ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းတွင် ကျောင်းသားများအတွက် အိပ်ဆောင်သစ် ဆောက် လုပ်ရန် အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

အဆိုပါ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းတွင် မူးယစ်ဆေးဖြတ်ပြီးသည့် လူငယ်များ၊ ခိုကိုးရာမဲ လူငယ်များအတွက် အဓိကထားကာ ဖွင့်လှစ်ပေးနေပြီး လက်ရှိ ဆောင်းရာသီကာလ အတွင်း ကျောင်းသားများအတွက် လုံခြုံသည့် အိပ်ဆောင်သစ် ဆောက်လုပ်ရန်လို အပ်နေကြောင်း ယင်းလူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ ဒီကျောင်းမှာက မူးယစ် ဖြတ်ပြီးတဲ့ လူငယ်တွေ၊ အလုပ်လက်မဲ့ ခိုကိုးရာမဲ့ လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာကော ပြုစုပေးတဲ့ကျောင်းဖြစ်တယ်၊ အခု က သူတို့ကို အဆောင် ထံရံကာလေးတွေနဲ့ပဲထားရတယ်၊ ဆောင်းတွင်းမှာက အဲ့ဒီ အဆောင်လေးနဲ့က အဆင်မပြေဘူး ဒါကြောင့် အဆောင်သစ်ဆောက်ဖို့ အကူညီလေးလို အပ်နေပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါကျောင်းတွင် တက်ရောက်နေသည့် လူငယ်များအတွင် ခရစ်ယန်ဘာသာ ဓမ္မကျမ်းစာများ သင်ကြားပေးခြင်း၊ ဂီတ သင်တန်းများပို့ ချပေးခြင်းများ သင်ကြားပို့ချပေးလျှက်ရှိကြောင်းသိရသည်။

ယင်းသင်တန်းကျောင်းသို့တက်ရောက်နေသည့် ကျောင်းသားများမှာ နာဂ ဒေသ၊ ရှမ်းပြည်နယ်၊ ဖားကန့် စသည့် တောင်တန်းဒေသမှ လာရောက်ကြသူများဖြစ်ကာ မူးယစ်ဆေးနွံထဲမှ လွတ်မြောက်လာကြသူများဖြစ်ကြပြီး ယင်းလူငယ်များအတွက် ဘဝရပ်တည်နိုင်ရေး စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာပြုပြင်ပေးခြင်းများကို ပြုလုပ်ပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါ ကောင်းသောရှမာရိ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းကို (၂၀၂၁)ခုနှစ် အောက်တိုဘာလမှ စတင်ကာဖွင့်လှစ်ခဲ့ပြီး လူဦးရေ (၁၈၀) လာရောက်သင်ကြားခဲ့ပြီဖြစ်ကာ လက်ရှိတွင် သင်တန်းသားဦးရေ (၄၀)ကျော်ကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။