Trending Now

တရုတ်နိုင်ငံ မူလတန်းကျောင်း တိုက်ခိုက်မှုအတွင်း ကျောင်းသားတွေအပါအဝင် ၆ ဦး သေဆုံး

Spread the love

တရုတ်နိုင်ငံ မူလတန်းကျောင်း တိုက်ခိုက်မှုအတွင်း ကျောင်းသားတွေအပါအဝင် ၆ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၀

တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ်က မူလတန်းကျောင်းတစ်ခုမှာ ဒီနေ့ မနက်ပိုင်းက တိုက်ခိုက်မှုဖြစ်ပွားခဲ့လို့ ၆ ဦး သေဆုံးခဲ့ပြီး သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

“သေဆုံးသူတွေထဲမှာ ကျောင်းဆရာ ၁ ဦး ၊ မိဘ ၂ ဦးနဲ့ ကျောင်းသား ၃ ဦးတို့ ပါဝင်ပြီး တရားခံ ၁ ဦးကို ဖမ်းမိထားပါတယ်” လို့ ပြည်နယ် ရဲအရာရှိတစ်ဦးက ပြောပါတယ်။

တိုက်ခိုက်မှုဟာ ဒီနေ့ ဇူလိုင်လ ၁၀ ရက် ဒေသစံတော်ချိန် ၇ နာရီ ၄၀ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝူလို့ အမည်ရတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ၈ နာရီအချိန်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြောရေးဆိုခွင့်ရှိသူက သေဆုံးသူတွေရဲ့ အမည်စာရင်းနဲ့ တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက် အသေးစိတ်ကို ပြောဆိုခဲ့ခြင်းမရှိပေမယ့် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ မှတ်ချက်ပေးခဲ့ပါတယ်။

အာဏာပိုင်တွေက တိုက်ခိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး လုံခြုံရေးဆိုင်ရာ တိုးမြင့်ဖို့နဲ့ အကြမ်းဖက်မှုဖြစ်ပွားရတဲ့ မူလဇစ်မြစ်တွေကို သုတေသန ထပ်မံပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

သေနတ်အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ တရုတ်နိုင်ငံမှာ အကြမ်းဖက် ရာဇဝတ်မှု အတော်ပင်ရှားပါးပေမယ့် မကြာသေးမီနှစ်တွေအတွင်း စာသင်ကျောင်းတွေမှာ ဓါးနဲ့ တိုက်ခိုက်မှုအရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက အရှေ့တောင်ပိုင်း ကျန်းရှီး ပြည်နယ်က မှုလတန်းကျောင်းတစ်ခုမှာ ဓားကိုင်ဆောင်ထားသူတစ်ဦး ဝင်ရောက်စီးနင်းခဲ့လို့ လူ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း တရုတ်နိုင်ငံတောင်ပိုင်းက မူလတန်းကျောင်းတစ်ခုမှာ ဓားနဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျောင်းသား ၃၇ ဦးနဲ့ လူကြီး ၂ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလအတွင်းကလည်း တရုတ်နိုင်ငံ တောင်ပိုင်းက မူလတန်းကျောင်းတစ်ခုမှာ ဓားကိုင်ဆောင်သူတစ်ဦး ဝင်ရောက်သောင်းကြမ်းခဲ့လို့ ကလေး ၂ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

Ref;BBC

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။