Trending Now

ပုံရိပ်အဖွဲ့အစည်းမှ ပြန်လည်ထူထောင်ရေး စင်တာများမှ သင်တန်းကျောင်းဆင်းပြီးသော လူငယ်များ၏ ဘဝဇာတ်ကြောင်း Documentary Film Celebration ကျင်းပပြုလုပ်

Spread the love

ပုံရိပ်အဖွဲ့အစည်းမှ ပြန်လည်ထူထောင်ရေး စင်တာများမှ သင်တန်းကျောင်းဆင်းပြီးသော လူငယ်များ၏ ဘဝဇာတ်ကြောင်း Documentary Film Celebration ကျင်းပပြုလုပ်

EPN
မြစ်ကြီးနား၊ ဩဂုတ် ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပုံရိပ်အဖွဲ့အစည်းမှ ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း ရိုက်ကူးထားသည့် CDRC Consortium အဖွဲ့အစည်းများ၏ ပြန်လည်ထူထောင်ရေး စင်တာများမှ သင်တန်းကျောင်းဆင်းပြီးသော လူငယ်များ၏ ဘဝဇာတ်ကြောင်း၊ စိန်ခေါ်မှု အခက်အခဲများ၊ အောင်မြင်မှုမှတ်တမ်း ရုပ်ရှင်နှစ်ကား ပြသခြင်းနှင့် ဂုဏ်ပြုခြင်း အခမ်းအနား Documentary Film Celebration ကို ဩဂုတ်လ ၂ ရက်နေ့၊ နံနက် ၉ နာရီက တပ်ကုန်းရပ်ကွက်ရှိ Agape Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်း အခမ်းအနားကို United Action for Drug Free Society (UADFS) ပူးပေါင်းဆောင်ရွက် မူးယစ်ကင်းစင်အတွက် ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ မောင်ဟိန်းထက်နှင့် မောင်နန်ရှောင် တို့၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက် ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ပူးပေါင်းဆောင်ရွက် မူးယစ်ကင်းစင်အတွက် ဆိုတဲ့ခေါင်းစဉ်နဲ့ ၃ နှစ်သားစီမံကိန်းကို Consortium အဖွဲ့ ၆ ဖွဲ့ စုပေါင်းဆောင်ရွက်တယ်။ ဒါက အခုဆိုရင် ဒုတိယနှစ်ပေါ့။ ကျွန်မတို့ ပုံရိပ်အနေနဲ့က Consortium အဖွဲ့တွေက လေ့ကျင့်ပေးထားတဲ့ သူတွေထဲကမှ သူတို့ကနေ ရွေးချယ်စေလွှတ်လိုက်တယ် ပုံရိပ်မှာ အလုပ်သင်ဖို့ပေါ့။ အဲ့ဒီမှာ ၁၀ ယောက်ကို Train ခဲ့တယ်။ ဒီနှစ်လအတွင်းမှာ စောင့်ကြည့်တယ် ဒီ ၁၀ ယောက်ကို။ ပြီးတော့မှ ဝန်ထမ်းတွေရဲ့အမြင် မဲပေးတဲ့စနစ်နဲ့ ရွေးချယ်ပြီးတောာ့မှ ဒီနှစ်ယောက်ကို စေတနာ့ဝန်ထမ်းအနေနဲ့ အရင်အခွင့်အလမ်းကို ပေးမယ်။ သူတို့နှစ်ယောက် ပုံရိပ်ကို မရောက်လာခင်နဲ့ သူတို့နဲ့ဆိုင်တဲ့ မူးယစ်ဖြတ်စခန်း မရောက်ခင်ကာလရယ်။ သူတို့မူးယစ်ဆေးကို ဘယ်လိုကြောင့် သုံးဖြစ်သွားတာလဲ။ ပြီးတော့ ဘယ်လိုဆုံးဖြတ်ချက်နဲ့ ဖြတ်မယ်လို့ ဆုံးဖြတ်ချက်ချတာလဲ။ ပုံရီပ်မှာ နှစ်လတာအတွင်း ဘာတွေသင်ယူသွားလဲ။ ဘဝမှာ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတဲ့ ခံယူချက်တွေ၊ စိတ်ပိုင်းဆိုင်ရာတွေ၊ ရည်မှန်ချက်တွေ အဲ့ဒါတွေကို မှတ်တမ်းယူထားပြီး ဒီ Documentary ကို ရိုက်ထားတာ ဖြစ်ပါတယ် ” ဟု ပုံရိပ်အဖွဲ့အစည်း ဒါရိုက်တာ မဂျူလီယာမွန်းပန်က ပြောသည်။

Consortium အဖွဲ့များမှ ရွေးချယ်စေလွှတ်ပေးသော လူငယ်များကို နည်းပညာဆိုင်ရာ ဘာသာရပ်များကို အဓိကထား သင်ကြားပေးလျက်ရှိကြောင်း၊ အဓိကဘာသာရပ်များအဖြစ် လူမှုအသိုင်းအဝိုင်း လေ့လာသော ဘာသာရပ်၊ နည်းပညာပိုင်းဆိုင်ရာ ဘာသာရပ်၊ သဘာဝပတ်ဝန်းကျင် လေ့လာသော ဘာသာရပ်၊ အနုပညာ ဘာသာရပ်နှင့် စိတ်ကိုထိန်းကြောင်းစေနိုင်သော ဘာသာရပ်၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်စေသော ဆွေးနွေးမှုများကို သင်ကြားပေးကြောင်း သိရသည်။

“ ဒီ Consortium အဖွဲ့မဟုတ်ဘဲ အခြားပြင်ပ မူးယစ်ကျန်းမာရေးလုပ်နေတဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်း တွေနဲ့လည်း သိစေချင်တယ်။ များသောအားဖြင့် လူတွေက သူတို့ မူးယစ်ဖြတ်ထားပေမယ့်လည်း ကိုယ်ကျင့် တရားပိုင်းဆိုင်ရာ မယုံကြည်လို့ အလုပ်အကိုင် အခွင့်အလမ်း မပေးတာမျိုးလည်း ရှိတယ်။ ဒါကြောင့် ပုံရိပ်က အလုပ်အကိုင်ပေးတယ်။ ဒီကို လာရောက်တဲ့ အဖွဲ့အစည်းတွေလဲ သူတို့ကို ယုံကြည်ပြီး အခွင့်အရေး ပေးကြည့်ပါပေါ့။ သူတို့စိတ်ကို ကိုယ်ကယုံကြည်မှု ပေးပြီးတော့မှ သူတို့စိတ်ကို ဆွဲခေါ်မှ ဒီထက်ပိုပြီး ပြောင်းလဲလာနိုင်မယ်။ အဲ့လိုရည်ရွယ်ချက်နဲ့ အဖွဲ့အစည်းတွေကိုခေါ်ပြီး ဒီအခမ်းအနားမှာ ဒါတွေကို သိစေချင်ပါတယ် ” ဟု ယင်းကပြောသည်။

ပုံရိပ်အဖွဲ့အစည်းမှ သင်ကြားတတ်မြောက်သူများ အနေဖြင့် ပုံရိပ်တွင် အလုပ်မလုပ်လိုပါက မိမိအရပ် ဒေသတို့တွင် ပြန်လည်လုပ်ကိုင် နိုင်စေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ပြီး၊ အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင် လိုပါကလည်း အောင်လက်မှတ်အပြင် ပုံရိပ်အဖွဲ့အစည်း ထောက်ခံချက်ကိုပါ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Consortium အဖွဲ့များမှ “ပူးပေါင်းဆောင်ရွက် မူးယစ်ကင်းစင်အတွက်” ခေါင်းစဉ်ဖြင့် ၃ နှစ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ စီမံကိန်း ဒုတိယနှစ်တွင် မူးယစ်ဆေးလာရောက်ဖြတ်သူဦးရေ ၁၀၀ ဝန်းကျင်ခန့် ရှိပြီး၊ တတိယနှစ် စီမံကိန်းကိုလည်း လာမည့် အောက်တိုဘာလတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံရေး အခက်အခဲများကြောင့် ဒေသတွင်း ကွင်းဆင်းလေ့လာချင်သော်လည်း လေ့လာ၍မရခြင်း၊ ဗန်းမော်ဘက် အခြမ်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် သွားလာရေး ခက်ခဲနေခြင်း၊ မလိုလားအပ်ဘဲ ခရီးကြန့်ကြာခြင်း၊ မလိုလားအပ်ပဲ ငွေကြေးပိုမို ကုန်ကျခြင်းများကို ကြုံတွေ့နေရကြောင်း ယင်းကထပ်မံပြောသည်။

အဆိုပါ ၃ နှစ်စီမံကကိန်းကို USAID မှ အဓိက ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး၊ Consortium အဖွဲ့များတွင် Nam Shani Social Development, Htoi San Local Development Organization, Loi Yang Bum Community Development (LCD), Humanity Institute (HI), Pon Yate Company Limited နှင့် Alinn Bhamo Local Development Organization တို့ ပါဝင်ကြောင်း သိရသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။