Trending Now
Spread the love

ဒေါ်လာ ၂.၇ ထရီလီယံ ဒစ်ဂျစ်တယ်စီးပွားရေး သဘောတူစာချုပ်ကို အာဆီယံစတင်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၄

နယ်စပ်ဖြတ်ကျော် ဒစ်ဂျစ်တယ်ကုန်သွယ်မှုကို ပိုမိုချောမွေ့လွယ်ကူစေမယ့် အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးမူဘောင်သဘောတူညီချက် (Asean Digital Economy Framework Agreement) DEFA ဆိုင်ရာ ဆွေးနွေးပွဲတွေကို တနင်္ဂနွေနေ့တွင် စတင်ခဲ့ပါတယ်။

အဆိုပါ မူဘောင်သစ်ဟာ ဒစ်ဂျစ်တယ်ကုန်သွယ်မှု ပံ့ပိုးကူညီမှုနဲ့ ငွေပေးချေမှုကဲ့သို့သော အဓိကနယ်ပယ်တွေကို မြှင့်တင်ခြင်းဖြင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကို ပိုမိုလွယ်ကူစေမယ်လို့ စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (MTI) က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သြဂုတ်လအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဆင်မာရမ် မြို့မှာ ပြုလုပ်ခဲ့တဲ့ ၅၅ ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး (AEM) မှာ DEFA ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို စတင်အတည်ပြုပြီးနောက် မူဘောင်သဘောတူညီချက်ကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားရဲ့ စီးပွားရေးရေးရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က DEFA ဆွေးနွေးပွဲတွေကို ၂၀၂၅ ခုနှစ်မှာ အဆုံးသတ်ဖို့ ရည်မှန်းထားပြီး ရေရှည်တည်တံ့ပြီး အားလုံးပါဝင်တဲ့ ဒစ်ဂျစ်တယ်အသိုက်အဝန်းတစ်ခုကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ အနီးကပ်လက်တွဲ အကောင်အထည်ဖော်ဖို့ ကတိပြုခဲ့ပါတယ်။

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကောက်ကင်ဟောန်က အဖွင့်အမှာစကား ပြောကြားရာမှာ DEFA သဘောတူညီချက်ဟာ ၂၀၃၀ ခုနှစ်မှာ ဒေသတွင်း ဒီဂျစ်တယ် စီးပွားရေးကို အမေရိကန်ဒေါ်လာ ၂ ထရီလီယံအထိ တိုးမြှင့်နိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန် အခြေစိုက် Boston Consultancy Group မှ ပြုလုပ်တဲ့ လေ့လာမှုအရ အဆိုပါသဘောတူညီချက်ဟာ ၂၀၃၀ ခုနှစ်မှာ အာဆီယံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကို အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ကနေ ၂ ထရီလီယံ အထိ တိုးမြှင့်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံဘက်ကလည်း DEFA ညှိနှိုင်းဆွေးနွေးမှုကို အမြန်အဆုံးသတ်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ တိုးတက်မှုအခွင့်အလမ်းသစ်တွေကို မျှော်လင့်ထားပါတယ်။ အာဆီယံဟာ စင်္ကာပူရဲ့အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သလို စင်္ကာပူရဲ့ အကြီးမားဆုံး ရင်းနှီးမြှပ်နှံမှု ပန်းတိုင်ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း အာဆီယံနဲ့ စင်္ကာပူတို့ရဲ့ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၄၄ ဒသမ ၃ ဘီလီယံအထိရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၉ ရာခိုင်နှုန်းခန့် တိုးမြင့်လာခဲ့တယ်လို့ ဆိုပါတယ်။

စင်္ကာပူက ၂၀၂၂ ခုနှစ်အတွင်း အာဆီယံမှာ ရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ယခင်နှစ်ကထက် ၈ ရာခိုင်နှုန်းခန့်တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ဒစ်ဂျစ်တယ်စီးပွားရေးစနစ်အပြင် အခြားကိစ္စရပ်တွေကိုလည်း ဂျကာတာမြို့မှာ ကျင်းပနေတဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ အာဆီယံခေါင်းဆောင်တွေက ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

Ref; nationthailand


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။