Trending Now

ကောက်ပဲသီးနှံဈေးတွေ မြင့်တင်ပေးဖို့ တောင်းဆိုတဲ့ အိန္ဒိယလယ်သမားတွေ မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲခံရ

Spread the love

ကောက်ပဲသီးနှံဈေးတွေ မြင့်တင်ပေးဖို့ တောင်းဆိုတဲ့ အိန္ဒိယလယ်သမားတွေ မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲခံရ

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

ကောက်ပဲသီးနှံတွေကို အနှိမ့်ဆုံးဈေးသတ်မှတ်ပေးဖို့နဲ့ ဈေးနှုန်းမြင့်တင်ပေးဖို့ တောင်းဆိုနေတဲ့လယ်သမားတွေနဲ့ ထောက်ခံအားပေးသူတွေဟာ နယူးဒေလီကို ချီတက်နေစဉ်မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

သီးနှံအမျိုးမျိုးအတွက် အနိမ့်ဆုံးဈေးသတ်မှတ်နိုင်ဖို့ ရည်ရွယ်တဲ့ ဝန်ကြီးတွေဆွေးနွေးမှုမအောင်မြင်ခဲ့တဲ့အတွက် နောက်တစ်ရက်အကြာ လယ်သမားတွေနဲ့ လသမားသမဂ္ဂတွေက ဈေးနှုန်းသတ်မှတ်ပေးဖို့ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

လယ်သမားသမဂ္ဂတွေဟာ သီးနှံတွေအပေါ် ဥပဒေအရ ကျောထောက်နောက်ခံပြုတဲ့ အနှိမ့်ဆုံးဈေးသတ်မှတ်ပေးဖို့နဲ့ အစိုးရကိုလည်း သူတို့ရဲ့ ဝင်ငွေ နှစ်ဆတိုးပေးမယ်ဆိုတဲ့ ၂၀၂၁ ခုနှစ်က ကတိကို လေးစားစေချင်တယ်လို့ ဆိုပါတယ်။

“အစိုးရက ဘာကိုမှ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချနိုင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ ဒီပြဿနာကို အစိုးရအနေနဲ့ ပြတ်ပြတ်သားသားဖြေရှင်းပေးသင့်ပြီလို့ ကျွန်တော်တို့ထင်ပါတယ်။” လို့ လယ်သမားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အစိုးရက ကောက်ပဲသီးနှံတွေကို နှစ်စဉ် ၂၀ ရာခိုင်နှုန်းဈေးတိုးမြှင့်သတ်မှတ်ပေးမယ်လို့ ကြေညာထားပေမယ့် ပြည်နယ်အစိုးရအေဂျင်စီတွေဟာ ဆန်နဲ့ဂျုံကိုသာ အစိုးရသတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနေပြီး အခြားသီးနှံတွေကိုတော့ ဈေးနှုန်းတိုးမြင့်မပေးဘူးလို့ ဆိုပါတယ်။

စိုက်ပျိုးရေးဝန်ကြီး Arjun Munda က အချို့ပြဿနာတွေကို ဖြေရှင်းပြီးဖြစ်ပေမယ့် ဆွေးနွေးမှုတွေ လိုအပ်နေသေးတယ်လို့ သမဂ္ဂခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးနောက် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ဘယ်လိုပြဿနာကို မဆို ဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်ရမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။ မြို့တော်နယူးဒေလီမှာတော့ လူစုလူဝေးပွဲတွေကို ရဲတပ်ဖွဲ့က တားမြစ်ထားပြီး ပန်ဂျပ်ကနေ မြို့တော်ကိုဦးတည်တဲ့ အဓိကလမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ လယ်သမားဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီးနောက် မိုဒီအစိုးရက လယ်ယာထွက်ကုန်အားလုံးအတွက် ထောက်ပံ့ဈေးနှုန်းရရှိစေမယ့် နည်းလမ်းတွေရှာဖွေဖို့အတွက် အစုအဖွဲ့တစ်ခု တည်ထောင်မယ်လို့ ကတိပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက စတင်ခဲ့တဲ့ အလားတူဆန္ဒပြပွဲတွေဟာ ဝန်ကြီးချုပ် မိုဒီရဲ့ တတိယသက်တမ်းကိုရယူမယ့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမတိုင်မီ ထပ်မံထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ref; reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။