Trending Now

ဖားကန့်မြို့နယ် ဆိပ်မှုကျေးရွာအတွင်း မြေသယ်၊ကျောက်သယ်ကားကြီးများ စည်းကမ်းမဲ့ သွားလာနေမှုကြောင့် တံတားပျက်စီးမှု၊လမ်းပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေ

Spread the love

ဖားကန့်မြို့နယ် ဆိပ်မှုကျေးရွာအတွင်း မြေသယ်၊ကျောက်သယ်ကားကြီးများ စည်းကမ်းမဲ့ သွားလာနေမှုကြောင့် တံတားပျက်စီးမှု၊လမ်းပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေ

EPN
မြစ်ကြီးနား၊ မတ်လ ၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှုကျေးရွာတွင် ရွာလယ်လမ်းကြီးကို အသုံးပြုကာ ဆီဘောက်ဆာကားကြီးများ၊ မြေသယ်၊ကျောက်သယ်ကားကြီးများ စည်းကမ်းမဲ့စွာ သွားလာနေသည့်အတွက် ကျေးရွာအတွင်းရှိ တံတားပျက်စီးမှုများ၊ လမ်းပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများ ဖြစ်ပွားလာကြောင်း ဆိပ်မှုကျေးရွာရှိ ဒေသခံများထံမှ သိရသည်။

ယခင်က ကားကြီးများသွားလာရန် ရွာပတ်လမ်းသတ်မှတ်ပေးထားသော်လည်း (ဖေဖော်ဝါရီလ )နိုင်ငံတော်အစိုးရ အပြောင်းအလဲနောက်ပိုင်းမှ စတင်ကာ ဆီဘောက်ဆာကားကြီးများ၊ မြေသယ်၊ကျောက်သယ်ကားကြီးများမှာ ရွာပတ်လမ်းကိုအသုံးမပြုတာ့ဘဲ စည်းကမ်းမဲ့စွာ ရွာလယ်လမ်းမကြီး၌သာ သွားလာနေသည့်အတွက် တံတားပျက်စီးမှုများ၊ လမ်းပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများ ယခင်ထက်ပိုမိုဖြစ်ပွားလာကြောင်း ဆိပ်မှုကျေးရွာတွင် နေထိုင်နေသည့် ဒေသခံတစ်ဦးကပြောသည်။

“ဘာကိုမှ ဂရုမစိုက်တော့ဘဲ ရွာလယ်လမ်းကြီးကို အသုံးပြုပြီး ကားကြီးတွေသွားလာတယ်၊ သူတို့ကိုပြောရင်လဲ ရန်ပြန်ရှာတယ်၊ ဟိုဘက်ကိုပိုင်သလိုလို ဒီဘက်ကိုပိုင်သလိုလိုနဲ့၊ အရင်က ကားကြီးတွေသွားဖို့ ရွာပတ်လမ်း လုပ်ပေးထားတယ်၊ အရင်က ပုံမှန်အတိုင်းသွားလာနေကြတာ၊ နိုင်ငံတော် အစိုးရအပြောင်းအလဲနောက်ပိုင်းမှ စည်းကမ်းမဲ့ပြီး ရွာထဲကနေ သွားလာကြတယ်၊ ကားကြီးတွေက အလေးချိန်များတယ် အဲ့တော့ ရွာထဲက လမ်းတွေ ပျက်စီးတယ်၊ ကားကြီးဆိုတော့ လမ်းတွေပိတ်တယ်၊ တစ်ခါခါ ဘေးကဖြတ်သွားတဲ့ ဆိုင်ကယ်နဲ့လည် ချိတ်တာတွေ ငြိတာတွေရှိ တယ်၊ ပြောလဲပြောပြောပဲ မရဘူး၊ “ဟု ၎င်းကပြောသည်။

အဆိုပါကားကြီးများ ဝင်ထွက်သွားလာခွင့်မပြုရန် ကျေးရွာ နေရပ်မိရပ်ဖ များနှင့် တိုင်ပင်ကာ ဆိုင်းဘုတ်စိုက်ထူခြင်းများ၊ သတိပေး ဆိုင်းဘုတ်များ ပြုလုပ်ထားရှိထားကြောင်း ဆိပ်မှုကျေးရွာနေ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။
” ရွာအဝင်တွေမှာတော့ တန်ချိန်ဘယ်လောက်ဆိုမဝင်ရ၊ မေတ္တာရပ်ခံတဲ့ စာတွေ၊ သတိပေးတဲ့ ဆိုင်းဘုတ်တွေ ကပ်ထားတယ်၊ ဒါမှ အရေးမစိုက်ဘူးဆိုရင် သက်ဆိုင်ရာတွေမှာ တိုင်ကြားသွားဖို့ပြင်ဆင်နေတယ်၊ ” ဟု ၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပက်သက်၍ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံတိုင်ကြားထားခြင်းမရှိသေးကြောင်း၊ တိုင်ကြားလာပါက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ဒီလို ကားကြီးတွေ ရွာထဲသွားလာနေတယ်လို့ တိုင်းကြားတာတွေ၊ မရှိသေးဘူး၊ တိုင်ကြားချက်ရှိရင်တော့ ကွင်းဆင်းစစ်ဆေးတာတွေပြုလုပ်ပေးသွားမှာဖြစ်တယ်၊ ” ဟု ၎င်းကပြောသည်။

ယမန်နေ့ (မတ်လ ၂၁)ရက်နေ့ ကလည်း ဆိပ်မှုကျေးရွာအတွင်း မြေသယ်၊ကျောက်သယ် ကားကြီးများ ဖြတ်သန်းသွားလာမှုကြောင့် ဆိပ်မှုကျေးရွာအတွင်းရှိ တံတားနှစ်စင်း ပျက်စီးခဲ့သည့်အတွက် ရပ်ကွက်နေ ပြည်သူများမှ ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်ထားရကြောင်းသိရသည်။

အဆိုပါ ဆီဘောက်ဆာကားကြီးများ၊ မြေသယ်၊ ကျောက်သယ်ကားကြီးများ စည်းကမ်းမဲ့စွာ သွားလာနေမှုမှာ တစ်ရက်လျှင် အနည်းဆုံး အစီးရေ (၂၀)ထက် ရှိနေကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။