Trending Now

အဆိုတော် လီလီနိုင်ကျော်အား သတ်ဖြတ်ခဲ့သည့် တရားခံများကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်

Spread the love

အဆိုတော် လီလီနိုင်ကျော်အား သတ်ဖြတ်ခဲ့သည့် တရားခံများကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဇွန် ၆

အဆိုတော် လီလီနိုင်ကျော်အား မေလ ၃၀ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်ထားသည်။

မေလ ၃၀ ရက်နေ့ ညနေပိုင်းတွင် သရုပ်ဆောင်၊ အဆိုတော် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်သည် ၎င်းနေထိုင်သည့် ရန်ကင်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရန်အောင်လမ်း၊ တိုက်အမှတ် (က/၂၆၇)၊ တိုက်ခန်းအမှတ် (၇) ရှေ့၌ ပစ္စတိုဖြင့် ပစ်သတ်ခံခဲ့ရသည်။

သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ဇွန်လ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် ၁ ခု၌ ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကောင်းဇာနည်ဟိန်း (ခ) လပြည့်နှင့် ကျော်သူရ (ခ) အီးတီ တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

တရားခံ ကောင်းဇာနည်ဟိန်း၏ ထွက်ဆိုချက်အရ တရားခံပြေး ဒီငြိမ်းလင်းနှင့် ဟေဇယ်မှ မေလ ၂၅ ရက်နေ့တွင် လီလီနိုင်ကျော်၏ ဓာတ်ပုံနှင့် အချက်အလက်များအား Telegram မှတစ်ဆင့်ပေးပို့၍ လုပ်ကြံသတ်ဖြတ်ရန် ခိုင်းစေခဲ့ပြီး မေလ ၂၈ ရက်နေ့တွင် Sig Sauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၀ တောင့်တို့အား တရားခံပြေး ဟေဇယ်မှ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့သည် လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် ၎င်းနေထိုင်သည့် တိုက်ခန်းအနီးသို့ နေ့စဉ်သွားရောက်၍ အခြေအနေ စောင့်ကြည့်ခဲ့ပြီး မေလ ၃၀ ရက်နေ့၊ ညနေပိုင်းတွင် ကောင်းဇာနည်ဟိန်းသည် လီလီနိုင်ကျော် အား ၎င်း၏ နေအိမ်ရှေ့၌ လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများအား မေလ ၃၁ ရက်တွင် ယသော်၏ စီစဉ်ပေးမှုဖြင့် STF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ၁ ဦးထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် တရားခံပြေး ဒီငြိမ်းလင်းနှင့် ဟေဇယ် တို့မှ ငွေကျပ် ၃ သိန်းအား Wave Pay မှတစ်ဆင့်ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အထက်ပါ ဖမ်းဆီးရမိ တရားခံအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန် ဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။