Trending Now

လုံးခင်းကျေးရွာ၌ အမျိုးသား နှစ်ဦး အရက်အတူသောက်ရင်း စကားများရာမှ ဓါးခုတ်မှုဖြစ်၊ တစ်ဦးသေဆုံး

Spread the love

လုံးခင်းကျေးရွာ၌ အမျိုးသား နှစ်ဦး အရက်အတူသောက်ရင်း စကားများရာမှ ဓါးခုတ်မှုဖြစ်၊ တစ်ဦးသေဆုံး

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ဒေသအခေါ် လေးအိမ်စု ရပ်ကွက်တွင် အမျိုးသား နှစ်ဦး အရက်အတူ သောက်ရင်း စကားများရာမှ ဓါးခုတ်မှုဖြစ်ကာ တစ်ဦးသေဆုံးသည့် ဖြစ်စဉ် ယမန်‌နေ့ ဩဂုတ် ၃၁ ရက် ည ၇ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လုံးခင်းကျေးရွာအုပ်စု ဆွတ်ကြိုင်ကျေးရွာ (ဒေသအခေါ် လေးအိမ်စု) ရှိ နေအိမ်တစ်လုံးတွင် အိမ်ရှင်နှင့် အိမ်ငှား အမျိုးသားနှစ်ဦး အရက်အတူ ထိုင်သောက်ရင်း စကားများရန်ဖြစ်ကြရာ အိမ်ရှင်ဖြစ်သူမှ အနီးရှိ ဓားဖြင့် ခုတ်ခဲ့သဖြင့် အိမ်ငှား အမျိုးသားမှာ သေဆုံးခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က ရံဖန်ရံကာ ဒီလိုမျိုးအတူတူ သောက်လေ့ရှိကြတယ်၊ မနေက ညကတော့ သူတို့နှစ်ဦးတည်းသောက်နေကြတာ၊ ဘယ်က ဘယ်လိုစကားများကြလဲတော့ မသိဘူး၊ အိမ်ရှင်ဖြစ်တဲ့သူက ဘေးကဓားနဲ့ ခုတ်သတ်ပြီး ထွက်ပြေးသွားခဲ့တာ” ဟု ၎င်းက ပြောသည်။

သေဆုံးသူမှာ အိမ်ငှားဖြစ်သူ ဦးရွှေမင်း ဆိုသူဖြစ်ကာ နေရာမှာပင် ဓားဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးသွားခဲ့ပြီး အိမ်ရှင် ဦးမင်းမင်းဆိုသူမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

အလားတူ ဖားကန့်မြို့နယ် ရှရော်ခကျေးရွာတွင် သြဂုတ်လ(၂၈)ရက်နေ့က တရားဝင် ကွာရှင်းထားသည့် ခင်ပွန်းဖြစ်သူမှ ပြန်လည်ပေါင်းသင်ရန် ပြောဆိုရာမှ တစ်ဆင့် စကားများရန်ဖြစ်ကာ ဇနီးဖြစ်သူအား ဓားဖြင့် (၈)ချက် ထိုးသတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။