Trending Now

နာဂဒေသ ပန်ဆောင်နှင့် နန်းယွန်းကြား လီဒိုလမ်းပျက်စီး၍ ဒေသခံများသွားလာရေး ခက်ခဲနေ

Spread the love

နာဂဒေသ ပန်ဆောင်နှင့် နန်းယွန်းကြား လီဒိုလမ်းပျက်စီး၍ ဒေသခံများသွားလာရေး ခက်ခဲနေ

 

EPN
နန်းယွန်း၊ မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ နန်းယွန်းမြို့နှင့် ပန်ဆောင်မြို့ကို ဆက်သွယ်ထားသော လီဒိုလမ်းပိုင်းတွင် လမ်းပိုင်းအချို့ ပျက်စီးမှုကြောင့် ဒေသခံများ သွားလာရန် ခက်ခဲနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ယင်းလမ်းပိုင်းမှာ ကျောက်ကြမ်းလမ်းဖြစ်ပြီးနှစ် စဉ်တောင်ပြိုခြင်း ကျောက်ကြမ်းလမ်းပေါ် မြေသားဖုံလွှမ်းခြင်းတို့ကြောင့် မိုးရာသီကျရောက်လျှင်နှစ်စဉ် လမ်းပိုင်း ဆိုးရွားလျှက်ရှိပြီး ဒေသခံများသွားလာရေး ခက်ခဲလျက်ရှိကြောင်း ပန်ဆောင်မြို့ဒေသခံတစ်ဦးဖြစ်သူကိုဒါးဝါးဆိုင်က ပြောသည်။

”မိုးတွင်းပေါ့မိုးတွင်းဆိုတော့ သွားလာရတော်တော်ခက်ခဲတယ်။ ကားတွေ ကားကြီးတွေဆိုရင် အခုချိန်သွားလို့ကို မရတာ။နေရာကွက်ကျားလိုကို ဖြစ်နေတာ။” ဟု ကိုဒါးဝါးဆိုင် က ပြောသည်။

ယင်းလမ်းပိုင်းသည် နန်းယွန်း၊ပန်ဆောင်ဒေသအတွက် ကုန်စည်စီးဆင်းမှုနှင့် ကျန်းမာရေး၊ ပညာရေးတို့ အတွက် အဓိကအသုံးပြုသည့်လမ်းပိုင်း ဖြစ်ပြီး ယခုကဲ့သို့လမ်းပိုင်းခက်ခဲသည့်ကာလတွင် အဘက်ဘက်၌ နှိမ့်ကျလျက် ရှိနေကြောင်း လည်းနန်းယွန်းမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးတင်းအောင်က ယခုကဲ့သို့ပြောသည်။

“ကျွန်တော်တို့ဘက်မှာက ဒီကားလမ်းတစ်လမ်းပဲရှိတာလေးဒါကြီးကဆိုးရွားနေတော့ ဒေသအတွက် ခက်ခဲတာအများကြီးရှိတယ်။ ဥပမာ တစ်ခါတလေကျရင် လူတောင်သွားလို့မရတာရှိတယ်။ ကုန်ဈေးနှုန်းတက်တာတို့ ပြီးရင်ကျန်းမာရေးအရ အရေးပေါ်သွားလာမယ်ဆိုရင်လည်း ဖျားနာတဲ့လူအတွက် အသက်အန္တရာယ် စိုးရိမ်စရာအများကြီးပဲ လမ်းကမကောင်းတော့”ဟု ဦးတင်းအောင်ကပြောသည်။

နန်းယွန်း-ပန်းဆောင် လမ်းပိုင်း ပြင်/ထိန်းလုပ်ငန်းများကို နှစ်ပိုင်းခွဲကာ ဆောက်လုပ်ရေးနှင့် နတလ ဦစီးဌာနတို့က တာယူဝန်ဆောင်ရွက်လျက်ရှိပြီး လက်ရှိ လမ်းပိုင်းဆိုးရွားသည့်အပိုင်းမှာ နတလ မှတာဝန်ယူဆောင်ရွက်ရမည့် အပိုင်းတွင်ကျရောက်ပြီး လမ်းအရှည်(၂)နှစ်မိုင်ခန့်ရှိမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှ က ပြောသည်။

ယင်းလမ်းပိုင်ပြုပြင်ရန်အတွက် ပြည်သူ့လွှတော်ကိုယ်စားလှယ်ဦးဝမ်းလှအနေဖြင့် တိုင်းလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်တစ်ကြိမ်၊ နိုင်ငံတော်သမ္မတ ဦးဝင့်မြင့် ခရီးစဉ်တွင် တစ်ကြိမ် တင်ပြခဲ့သော်လည်း လက်ရှိအချိန် တိကျသည့်အဖြေမရှိသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှ က ဆိုသည်။

”ဒုဝန်ကြီးနဲ့လွှတ်တော်မှာတွေ့ပြီး ဒီလမ်းကိစ္စကိုတင်ပြပါတယ်။ အရင်ကလည်းတင်ပြခဲ့ပါတယ်။ တာပေမယ့်အခုချိန်ထိဘာမှမထူးခြားဘူး။ တာပေမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထဲမှာတော့ လျာထားတယ် လို့တော့ပြောတယ်။”ဟု ဦးဝမ်းလှကပြောသည်။

ယင်းဒေသ သည်မိုးများသောဒေသဖြစ်သောလမ်းပိုင်းခက်ခဲမှုကို နှစ်စဉ်ခက်ခဲကြုံတွေ့နေ
ရပြီး ဒေသ၏ စီးပွားရေး၊ပညာရေး၊လူမှုရေးအဘက်ဘက်၌ ထိခိုက်နစ်နာမှုများရှိနေကြောင်း ယင်းဒေသခံများထံမှသိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။