Trending Now

ပုသိမ်မြို့ အကျဉ်းထောင်တွင်ဆူပူအကြမ်းဖက်မှုများဖြစ်ပွားရာမှ ရဲ (၂) ဦး၊ ထောင်ဝန်ထမ်း (၉) ဦးနှင့် အကျဉ်းသား (၆၃) ဦး ဒဏ်ရာရပြီး၊ အချုပ်သားတစ်ဦး သေဆုံ

Spread the love

ပုသိမ်မြို့ အကျဉ်းထောင်တွင်ဆူပူအကြမ်းဖက်မှုများဖြစ်ပွားရာမှ ရဲ (၂) ဦး၊ ထောင်ဝန်ထမ်း (၉) ဦးနှင့် အကျဉ်းသား (၆၃) ဦး ဒဏ်ရာရပြီး၊ အချုပ်သားတစ်ဦး သေဆုံ

EPN
နေပြည်တော်၊ ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဆူပူအကြမ်း ဖက်မှုများဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၂) ဦး၊ ထောင်ဝန်ထမ်း (၉) ဦးနှင့် အကျည်းသား (၆၃) ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အချုပ်သားတစ်ဦး ၎င်းတို့ အချင်းချင်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထား သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အကျဉ်းထောင်အတွင်းရှိ အိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊ အချုပ်သား ၇၀ ဦးခန့်သည် ယမန်နေ့ နံနက်ပိုင်းတွင် အိပ်ဆောင်ဝန်းတံခါးများကို ချိုးဖျက် ဖျက်ဆီးခြင်း၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းများကို အော်ဟစ်ဆဲဆိုခြင်း၊ မချေမငံ ပြောဆိုခြင်း၊ ရန်မူရန် ကြိုးပမ်းလာခဲ့သဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက မိမိအခန်းများသို့ အသာတကြည် ပြန်လည်ဝင်ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက်အော်ဟစ်ဆူပူမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် အခြားအိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊ အချုပ်သားအချို့ကလည်း ၎င်းတို့၏အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များအား ဖျက်ဆီးခြင်း၊ အကျဉ်းထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့ သွားရောက် ရန်မူရန်ကြိုးစားလာကြပြီး ပထမဆူပူမှုဖြစ်ပွားနေသည့်အဆောင်ရှိ အကျဉ်းသား၊ အချုပ်သား များနှင့် ပူးပေါင်းကာ ဖျက်ဆီးမှုများကို အရှိန်မြှင့်ဆောင်ရွက်လာကြောင်း သိရသည်။

ထိုသို့ ဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် အခြေအနေကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက အကျဉ်းထောင်အတွင်းသို့ ဝင်ရောက်ကာ အကျဉ်းသား၊ အချုပ်သားများအား လူစုခွဲရန် ထပ်မံပြောကြားဖျောင်းဖျခဲ့သော်လည်း လိုက်နာမှုမရှိဘဲ အိပ်ဆောင်ကွပ်ပျစ်များအား ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများ၊ အင်္ဂတေခဲကျိုး များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်မူတိုက်ခိုက် လာကြသဖြင့် ဆက်လက်ဖျောင်းဖျရန် အခြေ အနေမရှိတော့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး ဒုတ်/ဒိုင်းများ အသုံးပြုနှိမ်နင်းခဲ့ရကြောင်း၊ ဆူပူအကြမ်းဖက်မှုကို ထိန်းသိမ်းနေစဉ် အကျဉ်းသား၊ အချုပ်သားများအနေဖြင့် ၎င်းတို့အချင်းချင်း ခိုက်ရန် ဖြစ်ပွား ထိုးကြိတ်ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များ၏ ထိန်းသိမ်းမှုကြောင့် ၁၁ နာရီခွဲ အချိန်ခန့်တွင် အခြေအနေအား ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်အား ပဏာမစိစစ်မှုအရ ဇန်နဝါရီ ၅ ရက် ညပိုင်းတွင် အကျဉ်းသားတစ်ဦးထံမှ ကီးပတ်ဖုန်း ၁ လုံးအား ရှာဖွေသိမ်းဆည်းရမိမှုအပေါ် လိုအပ်သလို အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေစဉ် ၎င်းဖြစ်စဉ်အပေါ် ကျေနပ်မှုမရှိခြင်း၊ အချင်းချင်းမြှောက်ပင့်၍ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ကြိုးပမ်းခဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။