Trending Now

မြောင်းမြ မြို့မရဲစခန်းအနီး ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် လုံခြုံရေး တိုးမြှင့်စစ်ဆေးနေ

Spread the love

မြောင်းမြ မြို့မရဲစခန်းအနီး ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် လုံခြုံရေး တိုးမြှင့်စစ်ဆေးနေ

EPN
မြောင်းမြ၊ သြဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ မြို့လယ်ခေါင်တွင်ရှိသည့် မြောင်းမြမြို့မရဲစခန်း၏ အနောက်ဘက်၊ စိုက်ပျိုးရေးဘဏ်အနီးတွင် မနေ့ သြဂုတ် ၁၉ ရက်ည ပိုင်က ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပြီးနောက် သက်ဆိုင်ရာက လုံခြုံရေးတိုးမြှင့်စစ်ဆေးနေကြောင်း မြောင်းမြမြို့ခံများထံမှသိရသည်။

မြောင်းမြ မြို့လယ်ခေါင်တွင်ရှိသည့်မြောင်းမြမြို့မရဲစခန်၏ အနောက်ဘက်၊ စိုက်ပျိုးရေးဘဏ်အနီးတွင် မနေ့ သြဂုတ် ၁၉ ရက်ည ၈ နာရီ ၂၀ ခန့်က ဗုံး ၂ လုံး ၊
ဆက်တိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဘဏ်နှင့် ရဲစခန်း အနီးတွင် လုံခြုံရေးတိုးမြှင့်ထားကြောင်းနှင့် ယနေ့ သြဂုတ် ၂၀ ရက် နံနက်တွင် မြောင်းမြမြို့အဝင်အထွက် နေရာများတွင် ကား ၊ ဆိုင်ကယ်၊ ထော်လာဂျီစသည့် လာသမျှယာဉ်များကို ရပ်တန်းခိုင်းပြီး စစ်ဆေးနေကြောင်း သိရသည်။

”စစ်သားတွေနဲ့ ရဲတွေက တင်းတင်းကျပ်ကျပ် ကို စစ်ဆေးနေတာပါ၊ ဆိုင်ကယ်တွေဆို တူးဘောက်တွေကိုဖွင့်ကြည့်တယ်၊ မှတ်ပုံတင်လည်းတောင်းတယ်၊ ကိုယ့်အတွက်ကတော့ ဘာမှ မလုပ်လို့မကြောက်ပါဘူး၊ ဒါပေမယ့် အများကြီးကို အကုန်စစ်ဆေးနေတော့ အလုပ်သွားရတာ အချိန်ကြန့်ကြာတာတွေဖြစ်နေကြတယ် မနက်ထဲက စစ်ဆေးတာ။” ဟု မြောင်းမြ မြို့ခံဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ရဲစခန်း၏ အနောက်ဘက်မှ အဆောက်အဦးအချို့ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာအနီးတွင် လက်ရှိရဲနှင့် စစ်တပ်လုံခြုံရေးယူထားကြောင်း ဒေသခံများထံမှသိရသည်။
“ရဲစခန်းအနီးမှာ ဗုံးက ၂ ပေါက်တာ၊ မနေ့ည ၈ နာရီကျော်ကျော်လောက်မှာပေါက်တာ၊ အဲ့ဒီပေါက်တဲ့ တဲ့နေရာကို တပ်သားတွေကလာစစ်ဆေးတာ၊ ဒီကနေ့ အထိ စစ်သားတွေ စောင့်နေတာတွေ့ရတယ် ၊ ရဲတွေ ထိခိုက်ဒဏ်ရာတွေ့ရတယ်၊အဆောက်အဦးလည်း ပျက်စီးသွားတာ တွေ့ရတယ်။” ဟု မျက်မြင်တွေ့ရှိသူ
ဒေသခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုကြောင့် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင် အချို့ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများမှ အတည်ပြုပြောဆိုသော်လည်း သက်ဆိုင်ရာကို ဖုန်း ဆက်သွယ် အတည်ပြုချက်ရယူရာတွင် ဆက်သွယ်၍မရပါသေးပေ။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။