Trending Now

မိုးကောင်း၌ ငါးရက်အတွင်း Mask မတပ်သူ တစ်ထောင့်လေးရာကျော် ငွေဒဏ်တပ် အရေးယူနိုင်ခဲ့

Spread the love

မိုးကောင်း၌ ငါးရက်အတွင်း Mask မတပ်သူ တစ်ထောင့်လေးရာကျော် ငွေဒဏ်တပ် အရေးယူနိုင်ခဲ့

EPN
မိုးကောင်း၊ မေ ၂၇

မိုးကောင်းမြို့နယ်အတွင်း ၅ ရက်အတွင်း Mask မတပ်ဘဲ လမ်းပေါ်ထွက်သွားလာသူ ၁၄၀၀ ကျော်ကို ငွေဒဏ်တပ်ကာ အရေးယူခဲ့ကြောင်း မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ သိရသည်။

ကချင်ပြည်နယ် မိုး‌ကောင်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မေလ (၂၃)ရက်နေ့မှ စတင်၍ နေအိမ်ပြင်ပ ထွက်ခွာပါက Mask တပ်ဆင်ခြင်း မပြုသူများအား ငွေ (၁၀၀၀)ကျပ် ဒဏ်တပ် အပြစ်ပေးအရေးယူခြင်းကို မြို့၏ အချက်အချာကျ နေရာများဖြစ်သော မြို့အဝင် မိုးကောင်း တံတားဂိတ်၊ မြို့ထွက် (၂)မိုင်ဂိတ်နှင့် မြို့လယ် မီးပွိုင့်လမ်းဆုံနှင့် အ-ထ-က(၁)အရှေ့ တို့တွင် အဖွဲ့ (၄)ဖွဲ့ ခွဲ၍ ဆောင်ရွက်ခဲ့ရာ မေလ ၂၇ ရက်နေ့အထိ ၁၄၀၀ ကျော် အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

“COVID- 19ရောဂါကို Mask တပ်ဆင်ခြင်းကလည်း ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ အတွက် Mask တပ်တဲ့ အလေ့အကျင့်ရသည်အထိ ရှောင်တခင်စစ်ဆေးမှုတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှ ဆိုသည်။

ယင်းကဲ့သို့ Mask မတပ်သူများကို အရေးယူရာတွင် ဒဏ်ငွေအဖြစ် ငွေတစ်ထောင်ကျပ် ပေးဆောင်စေပြီး Mask တစ်ခုစီ ပြန်လည်ပေးအပ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်ကို မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့နှင့် လူမှုရေအသင်း အဖွဲ့ဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။