Trending Now

ဆယ်စုနှစ်အတွင်း ငြိမ်းချမ်းစွာ ဖူးပွင့်လာသော ချီဖွေမြို့

Spread the love


ဆယ်စုနှစ်အတွင်း ငြိမ်းချမ်းစွာ ဖူးပွင့်လာသော ချီဖွေမြို့

EPN
ဆောင်းပါး၊ မတ် ၁၆
ကောင်းဇေ ရေးသည်။

 

ချီဖွေမြို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်တွင် ပါဝင်သော မြို့နယ်အဆင့်မြို့ဖြစ်ပြီး မြစ်ကြီးနားမြို့မှ အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ မေခမြစ်အရှေ့ဖက်ကမ်းပေါ်တွင် တည်ရှိသည်။ အရှေ့တောင်ဖက် တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့နှင့် ၄၀ မိုင်ခန့်သာ ကွာဝေးသည်။ မြောက်ဖက်တွင် လောခေါင်၊ ထော်ဂေါ့၊ ဆော့လော်မြို့များသို့ မော်တော်ကားလမ်းဖြင့် ဆက်သွယ်ထားသည်။ တောင်ဘက်တွင် မြစ်ကြီးနားမြို့ နှင့် မော်တော်ကားလမ်း ဆက်သွယ်ထားသည်။

ချီဖွေမြို့သည် ယခင်က မြစ်ကြီးနားမြို့မှ သွားမည်ဆိုလျင် လေးည၊ ငါးည အိပ်ခန့် သွားရပေသည်။ အကြောင်းမှာ ခရီးမိုင်ဝေးကွာ၍မဟုတ်။ အကွေ့အကောက် အလွန်ပေါများပြီး လမ်းခရီးဆိုးသောကြောင့် ဖြစ်သည်။ မိုးတွင်းဆိုလျင် တော်ရုံကားများ တက်၍မရအောင် အန္တရာယ် များလွန်းလှပေသည်။ ထိုလမ်းပိုင်းကို ပြည်သူ့စစ်များက စတင်ပြီး ကြိုးပမ်းပေးခဲ့ခြင်းဖြစ်သည်။ လမ်းအရမ်းဆိုးသော နေရာများကို ကျောက်လမ်းများ ဖြစ်အောင် ခင်းပေးခဲ့သည်။ ထိုမှတစ်ဆင့် ၂၀၁၅ ခုနှစ် ဦးသိန်းစိန်လက်ထက်တွင် နိုင်လွန်ကတ္တရာလမ်းကို စတင်ခင်းပေးခဲ့သည်။ ထိုကတ္တရာလမ်းမှာ ယခုလက်ရှိ SPIC ကုမ္ပဏီပိုင် ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံအထိ ရောက်ရှိသည်။ ထိုမှတစ်ဆင့် ချီဖွေမြို့အထိ ကွန်ကရစ်လမ်းကိုလည်း ခင်းပေးထားပြန်သည်။ ယခုအခါ မြစ်ကြီးနားမြို့မှ ချီဖွေသို့ မော်တော်ယာဉ်ဖြင့် သွားမည်ဆိုလျင် လေး၊ငါး နာရီသာ အချိန်ပေးရတော့သည်။ ယခင်လို ညအိပ်သွားစရာ မလိုတော့ပေ။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုနှင့်အတူ ယှဉ်တွဲလျက်ရှိသော စီးပွားရေးလုပ်ငန်းများမှာလည်း ဖွံ့ဖြိုးတိုးတက်လာသည်။ ကုန်စည်များကို အချိန်နှင့်တပြေးညီ သယ်ယူနိုင်သည်။ ကုန်စည်ချောမွေ့စွာ သယ်ယူနိုင်မှုကြောင့် မြစ်ကြီးနားမြို့နှင့် ကုန်ဈေးနှုန်းမှာလည်း မည်မျှမှ ကွာဟမှုမရှိတော့။ ငြိမ်းချမ်းရေး၏ နောက်ဆက်တွဲ အသီးအပွင့် သို့မဟုတ် ငြိမ်းချမ်းရေး၏ အကျိုးရလဒ် ပြရုဒ် တစ်ခုပင်ဖြစ်သည်။

ထို့အပြင် ချီဖွေမြို့နယ်အတွင် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများကိုလည်း တွေ့ရသည်။ တိုင်းရင်းသားများ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင် ယှဉ်တွဲလုပ်ကိုင် နေကြခြင်းဖြစ်သည်။ တောတောင်ရေမြေသဘာဝမှာလည်း အင်မတန်မှ ကောင်းမွန်ပေသည်။ ယခုကဲ့သို့ ကိုဗစ် ၁၉ ကျန်းမာရေးအခြေအနေများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား နိုင်ငံရေးတင်းမာမှုများသာ မရှိခဲ့လျင် ကမ္ဘာလှည်း ခရီးသွားများကို စွဲဆောင် နိုင်စေမည့် နေရာတစ်ခု ဖြစ်လာမည်မှာ မလွဲပင်။ ချီဖွေမြို့ ဝင်ဝင်ချင်းတွင် လဗျူဟိုတယ်ရှိသလို မြို့ထဲတွင်လည်း တည်းခိုခန်းများစွာ ရှိပေသည်။ တောတောင်သဘာဝရှုခင်းအလှနှင့် မေခမြစ်၏တန်ဖိုးကို ပေါင်းစပ်လိုက်သည့်အခါ ပြီးပြည့်စုံသည့် ပန်းချီကားတစ်ချပ်ဟုပင် ဆိုရမည်ဖြစ်သည်။

ချီဖွေမြို့၏ တိုးတက်မှုအကြောင်းများကို ပြောလျင် လျှပ်စစ်ကဏ္ဍသည်လည်း အရေးကြီးသည့် မပါမဖြစ် ပါရှိရမည့် အချက်တစ်ခုဖြစ်သည်။ ကချင်ပြည်နယ်ရှိ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံသည် ဧရာဝတီမြစ်ကြီး၏ အဓိကမြစ်တစ်ခုဖြစ်သော မေခမြစ်အတွင်းသို့ စီးဆင်းနေသည့် မြစ်လက်တက် တစ်ခုဖြစ်သော ချီဖွေချောင်းမှ ရေသွယ်တန်း၍ တည်ဆောက်ထားသော ရေအားလျှပ်စစ်တစ်ခုဖြစ်သည်။ချီဖွေငယ် ရေအားလျှပ်စစ် စက်ရုံသည် ချီဖွေမြို့၏ ၆ မိုင်ခန့်အကွာ နန်းဦးကျေးရွာအနီးတည်ရှိပြီး၊ ချီဖွေငယ် လျှပ်စစ်ထုတ်စက်ရုံအတွက် ရေလှောင်တမံကို ချီဖွေမြို့ ၁၂ မိုင်အကွာ ချီဖွေချောင်းပေါ်၌တည်ဆောက်ထားပြီး တမံနှင့်စက်ရုံကို ဥမင်လှိုင်ခေါင်းဖြင့် ရေသွယ်တန်းမှုမှာ ၆ ဒသမ ၉မိုင် ရှိပါသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားကို ယခင်က တာပိန်ရေအားလျှပ်စစ်စက်ရုံမှ ထုတ်ယူဖြန့်ေ၀ ပေးခဲ့ခြင်း ဖြစ်သော်လည်း၊ ၂၀၁၁ နောက်ပိုင်းတွင် ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံကပါ ဖြန့်ဝေပေးခဲ့သည်။ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံကို SPIC/ACHC ကုမ္ပဏီက ဒေါ်လာသန်း ၂၀၀ ရင်းနှီးမြှုပ်နှံကာ ၂၀၀၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ပြီးစီးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ပဉ္စမအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံလည်း ဖြစ်သည်။

ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံတွင် ၃၃မဂ္ဂဝါပ် သုံးလုံး တပ်ဆင်ထားပြီး စုစုပေါင်း ၉၉မဂ္ဂဝါပ် ရှိသည့်အတွက် တစ်နှစ်ပတ်လုံး လျှပ်စစ်ဓာတ်အား သန်း ၆၀၀ ကီလိုဝပ်ထုတ်လုပ်နိုင်သည်။စက်ရုံမှ ၁၁၀ ကေဗွီ၊ ၁၀ ကေဗွီ ဓာတ်အားလှိုင်းမှ တစ်ဆင့် ကချင်ပြည်နယ် အတွင်းသို့ ဖြန့်ဝေပေးလျှက်ရှိသည်။

၎င်းအပြင် စက်ရုံအတွက် ရေလှောင်တမံကို သဘာဝဘေး၊ ငလျင်ဘေးများ ကြံ့ကြံ့ခံနိုင်စေရန် တည်ဆောက် ထားပြီး တမံကြံ့ခိုင်မှုကိုလည်း တစ်ရက်လျင်နှစ်ကြိမ်စစ်ဆေးပေးလျက်ရှိသည်ဟုလည်း သိရပါသည်။ ရေကို စနစ်တကျ သိုလှောင်ထားသည့်အတွက် ရေခန်းခြေက်သော နွေရာသီ ကာလမှာပင် စက်ရုံလည်ပတ်ရန် စိုးရိမ်စရာမရှိစေရန် စနစ်တကျစီမံထားရှိသည်။ ရေများသော မိုးတွင်းကာလတွင်လည်း ရေများလာပါက ရေကို ထုတ်ယူနိုင်သော ရေလွတ်ပေါက်များကိုလည်း စနစ်တကျစီမံထားသည်။

ယခင်က ကချင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားကို တာပိန်ရေအားလျှပ်စစ်စက်ရုံ တစ်ခုတည်းမှ ထုတ်လွှတ် ပေးခဲ့ရသော်လည်း ယခုတွင် ချီဖွေငယ်ရေအားလျှပ်စစ်မှ လျှပ်စစ်ထုတ်လွှတ် ပေးနိုင်ပြီဖြစ်သည့်အတွက် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလထက် ပိုမိုအသုံးပြုလွယ်ကူစေခဲ့သည်။ ပြည်နယ်၏ လျှပ်စစ်ကဏ္ဍတွင် အကြီးမားဆုံးပေးနေသော ထောက်တိုင်ကြီးတစ်ခုဟု ဆိုရင်လည်း မမှားပေ။

မြို့တစ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုများတွင် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားမှာ အဓိက ကျပေသည်။ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာလည်း ငြိမ်းချမ်းမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိမှု စသည့် အချက်များကိုသာ အဓိကထား ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု များလာမှသာလျင် ဒေသတွင်း ပြည်သူများအလုပ်အကိုင်ပေါလာခြင်း၊ ဒေသတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းများ ဖြစ်ပေါ်လာပေမည်။ ယခု ချီဖွေမြို့ ဖွံ့ဖြိုးတိုးတက်လာမှု၏ အခြေခံမှာလည်း လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးလုံလောက်စွာ ရရှိခြင်းတို့၏ နောက်ဆက်တွဲ အကျိုးဆက်များဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

ကောင်းဇေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။