Trending Now

ကချင်ပြည်နယ်မှ တရုတ်တစ်သျှူးငှက်ပျော ၀ိရောဓိ (သို့မဟုတ်) အစိမ်းရောင် စီးပွားရေးဈေးကွက်

Spread the love

ကချင်ပြည်နယ်မှ တရုတ်တစ်သျှူးငှက်ပျော ၀ိရောဓိ (သို့မဟုတ်) အစိမ်းရောင် စီးပွားရေးဈေးကွက်

(ကောင်းကောင်းရေးသည်)

EPN
ဆောင်းပါး၊ ဇူလိုင် ၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်၊ ဝိုင်းမော်မြို့နယ်အတွင်းနှင့် ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်တစ်ကျောကို ကြည့်ရင် စိမ်းလန်းစိုပြေနေသည့် မြင်ကွင်းမျိုးကို တွေ့မြင်နိုင်သလို တစ်ခါတရံမှာလည်း မိုးပြာပူဖောင်းများ ချိတ်ထားသော ကွင်းပြင်ကဲ့သို့ မြင်တွေ့ရပါသည်။

တခါတရံမှာ ကျပြန်ရော သစ်ငှပ်တိုများကဲ့သို့ ဖြစ်ပြီး မြင်ကွင်းများမှာ မျက်စိတစ်ဆုံးဖြစ်သည်။ ထို မြင် ကွင်းမျိုးကို ယင်းဒေသများသို့ ရောက်ခဲ့ဖူးသည့် သူတိုင်း တွေ့မြင်ရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် အစိမ်းရောင် စီးပွားရေးနယ်မြေသစ်လို့ဆိုလို့ရပါသည်။ ထိုမြင်ကွင်းမျိုးကို ဖန်တီးပေးသည်မှာ အိမ်နီးချင်း နိုင်ငံမှ တရုတ်လုပ်ငန်းရှင်များက လုပ်ကိုင်နေကြသည့် တရုတ် တစ်သျှူးငှက်ပျော စိုက်ခင်းများ ပင်ဖြစ်သည်။

ထိုသို့ လှပနေသည့် ရှုခင်းမျိုးကို မြင်တွေ့ရသည့် ခံစားချက်ကို ရရှိစေသည့်အပြင် ဒေသခံများအတွက် အလုပ်အကိုင်ကိုလည်း ရရှိစေသည့် တရုတ်တစ်သျှုးငှက်ပျောစိုက်ခင်းများကို ကချင်ပြည်နယ် ပြည်သူ လူထုများက မစိုက်ပျိုးရန် ကန့်ကွက်ကြသည်။ ကန့်ကွက်ရသည့် အကြောင်းရင်းမှာ တစ်သျှူးငှက်ပျော စိုက်ပျိုးမှုကြောင့် ရေ၊ မြေ၊ယာများနှင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးစေသည့်အတွက်ကြောင့် ကန့် ကွက်ရသည်ဟု တစ်သျှူးငှက်ပျောစိုက်ခင်းများ ကန့်ကွက်လှုပ်ရှားနေသည့် အဖွဲ့အစည်းများက ပြော သည်။

ဒါ့အပြင် တစ်သျှူးငှက်ပျောစိုက်ပျိုးသည့်အခါ ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများ အလွန်အကျွံ အသုံးပြုမှုကြောင့် ဒေသခံများ ခန္ဒာကိုယ် အနာများဖြစ်ပေါ်ပြီး ဆေးရုံ၊ ဆေးခန်းများအထိ ဆေးကုသ ခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား တောင်သူလယ်သမားများ သမဂ္ဂ၊ ကချင်ပြည်နယ်၏ နာယကဖြစ်သူ ဦးသောင်းဦးက ယခုနှစ် မတ်လ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“တစ်သျှူးငှက်ပျောကြောင့် ဒေသခံတွေမှာ အလုပ်သားတော်တော်များများ တချို့မြစ်ကြီးနားဆေးရုံမှာ တက်နေတာလည်း ကျတော်တို့သိပါတယ်။ ကြားပါတယ်။ ဒါပေမယ့် ဘယ်သူမှ အလေးမထားကြဘူး။ ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ယင်းတစ်သျှူးငှက်ပျောစိုက်ပျိုးမှုနှင့် ပြည်ပနိုင်ငံများသို့ သယ်ယူရာမှ လမ်းကြောင်းများမှ ရရှိ ကောက်ခံထားသည့် အခွန်ငွေများနှင့် ပတ်သက်၍လည်း အခွန်ရရှိမှုနှင့် အသုံးပြုမှုများကို ရှင်းရှင်း လင်းလင်းချပြခြင်းမရှိကြောင်း ဦးသောင်းဦးက ဆက်ပြောသည်။

အဆိုပါ ငှက်ပျောစိုက်ခင်းများတွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးမျိုးစုံကို အသုံးပြုနေသည့်အတွက် အလုပ်သမားများအတွက် ကျန်းမာရေးထိခိုင်နိုင်ကြောင်းနှင့် ရေရှည်မျာ တောင်သူလယ်သမားများ အ တွက် မြေယာစိုက်ပျိးရန် မြေဆီလွှာပျက်စီးမှုများဖြစ်ပေါ်နိုင်ကြောင်း မိုးမောက်မြို့နယ်ရှိ ငှက်ပျော စိုက်ခင်းများတွင် နှစ်ကြာလုပ်ကိုင်ခဲ့သူ ဒေါ်အေးအောင်က ပြောသည်။

“ လူတွေကိုလည်း သေစေနိုင်ပါတယ်။ နွားဆိုလည်းသေပါတယ်။ ငှက်လည်းသေတယ်။ ကြက်လည်းသေတယ်။ သက်ရှိသတ္တဝါတွေအားလုံးသေစေတဲ့ ဆေးတွေလည်းရှိပါတယ်။ ” ဟု ဆိုသည်။
ထို့အပြင် တစ်သျှူးငှက်ပျောစိုက်ပျိုးမှုတွင် အသုံးပြုသော ဆေးဝါးများကို ကိုင်သွယ်ပါက သွေးအန် စေခြင်း၊ အစာအိမ်သွေးကြောပျက်စီးစေခြင်း အစရှိသော ရောဂါများဖြစ်ပေါ်စေကြောင်း ဒေါ်အေး အောင်က ဆက်ပြောသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ယခုလ ဇူလိုင်လ ၅ ရက်နေ့က ပြုလုပ်သည့် အစိုးရ၏ တတိယ တစ်နှစ်တာ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်မူ ငှက်ပျောစိုက်ခင်းများတွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို အလွန်အကျွံ အသုံးပြုခြင်းမရှိ ကြောင်း၊ သို့သော် စည်းကမ်းမဲ့စွာအသုံးပြုမှုရှိနေသဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြပ် မတ်သွားမည်ဟု ပြောသည်။

ကချင်ပြည်နယ်အစိုးရအနေဖြင့် အစိုးရတာဝန်ယူဆောင်ရွက်ခဲ့သော ကာလအချိန်မှစတင်၍ တစ်သျှူး ငှက်ပျောကို ထပ်မံစိုက်ပျိုးခွင့်မပြုခဲ့ကြောင်း၊ လက်ရှိ စိုက်ပျိုးနေသော ငှက်ပျောစိုက်ခင်းများနှင့် ပတ် သက်၍ မြေပြင်တွင် ပြောဆိုမှုများကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၆-၁၇ ခုနှစ်က ရရှိထားသော စာရင်းအရ တစ်သျှူးငှက်ပျော စိုက်ဧက ၆၃၀၀၀ ကျော်ရှိပြီး ကုမ္ပဏီပေါင်း ၃၀ကျော်မှ လုပ်ကိုင်နေကြောင်း ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦး ကျော်ကျော်ဝင်းက ပြောသည်။

ထို့အပြင် ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးမရရှိသေးသည့်အတွက် တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် နေရာများသည် အစိုးရလက်လှမ်းမမှီသော နေရာများဖြစ်ခြင်းကြောင့် တကယ်မြေပြင်၌ စိုက်ပျိုးသည့် စိုက်ဧကကို လက်ရှိအချိန်အထိ စာရင်းပြုစုနိုင်ခြင်းမရှိသေးကြောင်း အစိုးရအဖွဲ့က ပြောသည်။

“ ငြိမ်းချမ်းရေးမရသေးတဲ့အတွက် အစိုးရလက်လှမ်းမမှီတဲ့နေရာမှာ တစ်သျှူးငှက်ပျောအများကြီး စိုက်ပျိုးတားတာရှိတယ်။ အဲတော့ အဲလိုနေရာမျိုးမှာ ကျတော်တို့ဝန်ထမ်းတွေ သွားရောက်ပြီးမှ စာရင်းကောက်တာမရှိတဲ့ အနေအထားဖြစ်တဲ့အတွက် စာရင်းအတိအကျကောက်ယူနိုင်ခြင်းမရှိပါဘူး” ဟု ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။

သို့သော် တစ်သျှူးငှက်ပျောစိုက်ခင်းနှင့် ပတ်သက်ပြီး သုတေသနလုပ်ခဲ့သည့် အရပ်ဖက်အဖွဲ့အစည်း များ၏ အစိမ်းရောင်စီးပွားရေးဝိရောဓိ အစီရင်ခံစာ၏ ဖေါ်ပြချက်အရသော်လည်းကောင်း၊ ဒေသခံများ ၏ ပြောကြားချက်အရသော်လည်းကောင်း ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောစိုက်ခင်းဧက တစ်သိန်းကျော်ရှိကြောင်း သိရသည်။

အရင်အစိုးရလက်ထက်တုန်းကထက် ယခုအစိုးရလက်ထက်တွင် ဝိုးမော်၊ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမောက်နှင့် ဒေါ့ဖုန်းယန်မြို့နယ်များတွင် တစ်သျှူးငှက်ပျောစိုက်ပျိးလာမှု ပိုမိုများပြားလာသည်ဟု လည်း ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

ထို့အပြင် ယင်းတစ်သျှူးငှက်ပျောစိုက်ခင်းများတွင် တရုတ်နိုင်ငံသားများ တရားမဝင် အလုပ်ဝင် ရောက်လုပ်ကိုင်မှုများလည်းရှိကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ရပ်ပိုင်းကလည်း ငှက် ပျောစိုက်ခင်းအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်ကြသည့် တရုတ်နိုင်ငံသား ၁၀ ဦးကျော်ခန့်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ နယ်နှင်ဒဏ်ပေးခဲ့သည်ဟုလည်း သတင်းများအရ သိရသည်။

သို့သော် လက်ရှိ ယင်းတစ်သျှူးငှက်ပျောစိုက်ခင်းများတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်သည့် တရုတ်နိုင်ငံသားဝင်ရောက်သည်မှာ မဟုတ်မမှန်ကြောင်း၊ ယင်းသို့ ဝင်ရောက်လုပ်ကိုင်နေခြင်းလည်း မရှိကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က သတင်းစာရှင်းလင်းပွဲတွင် မီဒီယာ များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

အဆိုပါ တစ်သျှူးငှက်ပျောစိုက်ပျိုးရာတွင် အလွန်ပြင်းထန်သော ပိုးသတ်ဆေးများနှင့် ဓာတ်မြေသြဇာ များအသုံးပြုနေသည့်အတွက် လူနှင့် တိရစ္ဆာန်များ ထိခိုက်သေကြေ ပျက်စီးနေကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် ငှက်ပြောစိုက်ခင်းများ တစ်နှစ်ထက်တစ်နှစ်တိုးချဲ့ စိုက်ပျိုးလာကြသည့်အတွက် ဒေသခံများ၏ လုပ်ကိုင်စားသောက်နေသော မြေဆုံးရှုံးမှု၊ မြေဆီလွှာပျက်စီးမှုနှင့် ရေထုပျက်စီးမှုများ ဖြစ်စေသည်။ ထို့ကြောင့် တစ်သျှူးငှက်ပျောစိုက်ပျိုးမှုကို ကြပ်မတ်စိစစ်ပေးရန် ဒေသခံများနှင့် အရပ် ဖက်အဖွဲ့အစည်းများက တောင်းဆိုသည်။

ယခုလက်ရှိအစိုးရလက်ထက် ပိုမိုစိုက်ပျိုးလာခဲ့သည့်အတွက် ဒေသခံများက ဆန္ဒပြပွဲပြုလုပ်၍လည်း တစ်သျှူးငှက်ပျောအလိုမရှိကြောင်း တောင်းဆိုမှုကို ယခုအစိုးရလက်ထက်က တောင်းဆိုခဲ့သေးသည်။ ထို့အပြင် ယခု ၂၀၁၉ ခုနှစ် မတ်လကလည်း မြစ်ကြီးနားမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ငှက် ပျောစိုက်ပျိုးမှု ရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်။

ဒါ့အပြင် သတင်းမီဒီယာများမှတဆင့် သော်လည်းကောင်း၊ သက်ဆိုင်ရာများထံ စာပို့၍သော်လည်း ကောင်း တင်ပြနေကြသော်လည်း အစိုးရမှ တစ်စုံတရာ ဖြေရှင်းမှုမရှိပေ။ ယခု တစ်သျှူးငှက်ပျော စိုက် ပျိုးနေမှုသည် အစိုးရမှ တရားဝင်ခွင့်မပြုထားကြောင်း ပြောဆိုသော်လည်း ငှက်ပျောစိုက်ခင်းများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအနေဖြင့် ထိရောက်သော လုပ်ဆောင်ချက် မရှိသောကြောင့် ဒေသခံများ က အားမလိုအားမရဖြစ်နေသည်။

သို့သော် တရုတ်တစ်သျှူးဌက်ပျောခြံများကို ပိတ်သိမ်းလိုက်လျှင် ယင်းငှက်ပျောစိုက်ခင်းတွင် လုပ်ကိုင် အသက်မွေးဝမ်းကြောင်း ပြုနေသည့် လူထုတစ်သိန်းကျော်မှာ အလုပ်လက်မဲ့ ပြဿနာများနှင့် အခြား လူမှုရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဇူလိုင်လ ၅ရက်နေ့ကပြုလုပ်ခဲ့သော ကချင်ပြည်နယ်အစိုးရ တတိယ ၁နှစ်တာ သတင်း စာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

“တရားမ၀င်ဘူးဆိုတာတော့သိတယ် တွေ့တယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ပိတ်သိမ်းလိုက်မလား ပိတ်သိမ်းလိုက်ရင် နောက်ဆက်တွဲတွေက ဘာတွေဖြစ်လာနိုင်မလဲ လူမှုရေးပြဿနာတွေအများကြီး ဖြစ်လာနိုင်တယ်။ ၂၀၁၆ခုနစ်လောက်ကတည်းက ဌက်ပျောခြံတွေမှာ နေ့စားနဲ့ အသက်မွေး ၀မ်းကြောင်း လုပ်ကိုင်နေတဲ့ ပြည်သူတွေ ၁သိန်းခွဲလောက်ရှိတယ် အခုဆို အဲ့ထက်တောင်မကဘူး”ဟု ၀န်ကြီးချုပ်က ပြောသည်။

ထိုနောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက်လာနိုင်သည့်အတွက် တရားမဝင် တစ်သျှူးငှက်ပျောစိုက် ပျိုးလုပ်ကိုင်မှုကို ဥပဒေဘောင်အတွင်း ရောက်ရှိအောင် တစ်ဖြည်းဖြည်းချင်း ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ပြည်သူလူထုသာ အမိအဖဖြစ်ကြောင်း၊ ပြည်သူ့အစိုးရဖြစ်ကြောင်း ရွေးကောက်ပွဲအပြီး ကြွေးကြော်ခဲ့ သော လက်ရှိအစိုးရအနေဖြင့် လူထု၏ သဘောထား တောင်းဆိုမှုကို လျစ်လျှူရှုနေပြီလားဟု ဝေဖန် သုံးသပ်မှုများကလည်း မြှင့်တက်လာသည်။ ငှက်ပျောစိုက်ခင်းများတွင် လုပ်ကိုင်သူများသည် ဒေသခံ များဟု အစိုးရက သတ်မှတ်ထားသော်လည်း အမှန်တကယ် လုပ်ကိုင်နေကြသူများသည် ရပ်ဝေးမှ လာ ရောက်လုပ်ကိုင်ကြသည့် ရွေ့ပြောင်း လုပ်သားများဖြစ်သည်။

ထို့အပြင် တစ်သျှူးငှက်ပျောစိုက်ခင်းများမှ ရရှိသော အခွန်ဝင်ငွေများနှင့် သယ်ယူပို့ဆောင်ရေးလုပ် ဆောင်ရာမှ ကောက်ခံရရှိသည့် အခွန်အခများသည် မည်မျှရရှိပြီး ပြည်နယ်အတွင်း မည်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုနေသည်ကို ပွင့်လင်းမြင်သာစွာ ချပြပေးရန်လည်း လိုအပ်သည်။ အတည်မပြု နိုင်သော အရပ်သတင်းများအရ တစ်သျှူးစိုက်ခင်းများမှ ရရှိသော အခွန်ဝင်ငွေသည် သိန်းပေါင်းများစွာ ရရှိသည်ဟု ဆိုသည်။

ငှက်ပျောစိုက်ခင်းများတွင် လုပ်ကိုင်ကြခြင်းဖြင့် မိသားစု ဝမ်းစာရေးဖူံလုံသည်ဟုဆိုသော်လည်း ဒေသခံများက ယင်းအကျိုးများကို မခံစားရပေ။ ရွေ့ပြောင်းလုပ်သားများနှင့် တရုတ်နိုင်ငံသားများ အတွက်သာ အကျိုးစီးပွားဖြစ်ထွန်းသည်။ ဒေသခံများမှာ မြေယာများ ဆုံးရှုံးလိုက်ရသလို တခြားသော လယ်ယာမြေပြဿနာများလည်း ခံစားနေရကြောင်း သိရသည်။

ယခု တစ်သျှူးငှက်ပျောစိုက်ပျိုးမှုကို ယခင်အစိုးရလက်ထက်က ဒေသခံများ ဘိန်းအစားထိုးစိုက်ပျိုးရေး အတွက် ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ပြီးခဲ့သော အစိုးရတစ်နှစ် တာလုပ်ဆောင်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သေးသည်။ မြေပြင်မှာ အမှန်ပြင် ဘိန်းအစားထိုး လုပ်ငန်းများဖြစ်မှုရှိမရှိကို မြေပြင်ကွင်းဆင်းစေလိုသည်။

တစ်သျှူးငှက်ပျောစိုပျိုးမှုကို အစိုးရမှ ပြတ်ပြတ်သားသား ဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်သည်။ ပြည်သူ လူထုများမှလည်း တောင်းဆိုနေပြီ။ ယခု ကချင်ပြည်နယ်မှ ထွက်ရှိသော တစ်သျှူးငှက်ပျောအပါအဝင် အဖိုးတန်ရတနာများသည် အခြားသော နိုင်ငံများအတွက်သာ အကျိုးပြုနေသကဲ့သို့ ဖြစ်နေသည်။ 

ဒေသခံတိုင်းရင်းသားများ၏ လူမှုဘဝမှာ တိုးတက်ပြောင်းလဲလာခြင်းမရှိသည့်အပြင် မိမိပြည်နယ်အ တွင်းမှ မြေယာများကိုပါ သူများအတွက် အလုပ်အကျွေးပြုနေသည်။ ဒါ့အပြင် တခြားလူမှုရေးပြဿနာ များလည်း ရင်ဆိုင်ကြုံတွေ့နေရသည်ကို အစိုးရမှ မြေပြင်ကွင်းဆင်းစိစစ်ပေးရန် တောင်းဆိုကြသည်။ 

ကချင်ပြည်နယ်ရှိ တရုတ်တစ်သျှူးဌက်ပျောစိုက်ခင်းများနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများမှ သုသေတနပြုလုပ်ထားသည့် “အစိမ်းရောင် စီးပွားရေး ၀ိရောဓိ”အစီရင်ခံစာအရ ဌက်ပျော စိုက်ခင်း များကြောင့် ဘဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွာရေး၊ ကျန်းမာရေးနှင့် ရပ်ရွာရေ ရှည်တည်တံ့ဖွံ့ဖြိုးမှုများမှာ ကောင်းကျိုးထက် ဆိုးကျိုးပိုများနေကြောင်း အချက်အလက်များဖြင့် ဖော်ပြထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။