Trending Now

ကချင်ပြည်နယ်အတွင်း ယခုနှစ် ငါးအင်း ‌လေလံဆွဲသူ နည်းပါးလာ

Spread the love

ကချင်ပြည်နယ်အတွင်း ယခုနှစ် ငါးအင်း ‌လေလံဆွဲသူ နည်းပါးလာ
EPN
မြစ်ကြီးနား ၊ဇူလိုင် ၈
ကချင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါ နှင့် စီးပွားရေးကြပ်တည်းမှုအခြေအ‌နေများကြောင့် ယခုနှစ်တွင် ငါးအင်းလေလံဆွဲ သူနည်းပါးလာကြောင်း ကချင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။
ကချင်ပြည်နယ် အတွင်း၌ နှစ်စဉ် အင်းလုပ်ငန်း မစတင်မီ အင်းလုပ်ငန်းများအချိန်မီ ဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေအရ ပြည်နယ်အတွင်းရှိ (၁၄၉) အင်းအား ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယခုနှစ် ဧပြီလမှစတင်ကာ တတိယအကြိမ်အထိ လေလံတင်၍ ရောင်းချခဲ့သော်လည်း ငါးအင်း (၆၇)အင်းသားရောင်းချနိုင်ခဲ့ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“အခုနှစ် ငါးလုပ်ငန်းဦးစီးဌာနကနေ ပြည်နယ်အတွင်းက ငါးအင်း (၁၄၉)အင်းကို လေလံတင်စနစ်နဲ့ ရောင်းချခဲ့တယ် အဲ့အထဲမှာ (၆၇)အင်းရောင်းရတယ် (၈၂)အင်းက ကျန်ရှိနေတယ်။ ဘာကြောင့်ရောင်းအားကျလဲဆိုတော့ ကိုဗစ်ရောဂါကလည်းအခုမှ ပြန်လည်ကောင်းမွန်တာဖြစ်တယ် လုပ်ငန်းတွေ နှောင့်နှေးတာတွေရယ် စီးပွားရေးကြပ်တည်းမှုနဲ့ အင်းလုပ်ငန်းလုပ်ကိုင်သူနည်းပါးလာတာတွေရယ် နိုင်ငံရေး အခြေအနေကြောင့် ရယ် ငွေထုတ် ငွေသွင်း ခက်ခဲမှုတွေကြောင့် အင်းလေလံဆွဲသူ ကျဆင်းလာတယ် လို့ခန့်မှန်းရတယ်”ဟု ၎င်းကပြောဆိုသည်။
ယခုနှစ်‌လေလံတင်‌ရောင်းချမှုအနေဖြင့် မြစ်ကြီးနားခရိုင်အတွင်း (၃၇) အင်းအနက် ၂၁အင်း ၊ မိုးညှင်းခရိုင်အတွင်း (၃၀)အင်းအနက် ၁၃ အင်း၊ ဗန်းမော်ခရိုင်အတွင်း (၈၂)အနက် ၃၄ အင်း စုစုပေါင်း ၆၇ အင်းကို ရောင်းချနိုင်ခဲ့ပြီး ကျပ်သိန်း ၁၉၇၅.၇၄ သိန်းရရှိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ငါးအင်း (၁၄၉)အနက် (၁၃၀)အင်းလေလံတင် ရောင်းချခဲ့ရာ ကျပ်သိန်း ၆၁၃၀.၁၀ သိန်း ရရှိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ငါးထုတ်လုပ်မှုမှာ ငါးအင်းများမှ တစ်နှစ်လျှင် ငါးတန်ချိန် ပိသာပေါင်း ၇၂ သိန်း ကျော် ထွက်ရှိသော်လည်း လုံလောက်မှုမရှိခြင်း၊ ပြည်နယ်အတွင်း ဥပဒေနှင့်မညီညွှတ်သော ငါးဖမ်းခြင်းများရှိ‌နေသည့်အတွက် ငါးစားသုံးမှု ဖူလုံ‌ရေးအတွက် ရန်ကုန်ငါးဒိုင်များ နှင့် စစ်ကိုင်းတိုင်း ရွှေဘိုဒေသများမှ ငါးများကို လစဉ် တင်သွင်းပြီး ဖြည့်တင်းဆောင်ရွက်နေရကြောင်း သိရသည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။